ကယန်းပြည်သစ်တပ်မတော် လုံခြုံရေးဂိတ် လေကြောင်းကတိုက်ခိုက်ခံရ

ဇွန်၊ ၁

ရှမ်း-ကယားနယ်စပ်၊ မိုးဗြဲမြို့အနောက်ဖက်ခြမ်းရှိ ကယန်းပြည်သစ်တပ်မတော် (KNLA) ရဲ့ နယ်မြေလုံခြုံရေးဂိတ် တခုကို စစ်ကောင်စီက တိုက်လေယာဉ်နဲ့ နှစ်ကြိမ်ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ထိခိုက်ဒဏ်ရာ ရရှိတာ မရှိဘူးလို့ မိုးဗြဲပြည်သူကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တဦးက ပြောပါတယ်။ 

“ ဘယ်လိုကြောင့် ဒီလိုတိုက်ခိုက်တာလည်းတော့ အသေးစိတ်ကတော့ မသိရဘူး။ မှားယွင်းတိုက်ခိုက် တာလည်း ဖြစ်ကောင်းဖြစ်နိုင်တာပေါ့နော်။ ကျနော်တို့သုံးသပ်မိတာက သူတို့ စခန်းကို ကျနော်တို့ စခန်းထင်ပြီးတော့မှ တိုက်ခိုက်တာလည်း ဖြစ်ရင် ဖြစ်နိုင်တယ်။ ဒါမှမဟုတ် တည်နေရာအရ ပစ်ချတာလည်း ဖြစ်နိုင်တယ်။ အတည်ပြုလို့တော့ မရသေးဘူး”လို့ သူက ပြောပါတယ်။ 

ဒီကနေ့ ဇွန်လ ၁ရက် မနက် ၄ နာရီခန့်မှာ မိုးမြဲမြို့အနောက်ဖက်ခြမ်းရှိ ကယန်းပြည်သစ်တပ်မတော် (KNLA) ရဲ့ နယ်မြေလုံခြုံရေးဂိတ်တခုကို စစ်ကောင်စီက လေယာဉ်နဲ့ နှစ်ကြိမ်၊ ဗုံးသုံးလုံးနဲ့ကြဲချတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ 

အဲဒီလိုတိုက်ခိုက်မှုကြောင့် နေအိမ်တလုံးနဲ့ ကင်းပုန်းစခန်း ပျက်စီးသွားခဲ့ပြီး ကယန်းပြည်သစ်တပ်မတော် (KNLA)က ထိခိုက်ဒဏ်ရာ ရရှိတာ မရှိဘူးလို့ သိရပါတယ်။ 

ကယန်းပြည်သစ်တပ်မတော် (KNLP/KNLA)ဟာ ၂၀၀၉ ခုနှစ်မှာ ပြည်သူ့စစ်အဖြစ် ပြောင်းလဲထားတယ်လို့ စစ်ကောင်စီရဲ့ ကြေညာခံရပေမဲ့ လက်ရှိအချိန်မှာ စစ်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်ခြင်း မတွေ့ရသလို ကရင်နီတော်လှန်ရေးပူးပေါင်းတပ်တွေနဲ့ အတိအလင်းပူးပေါင်းဆောင်ရွက်တာမျိုးလည်း မတွေ့ရပါ။ 

ဒါ့အပြင် ဒီကနေ့ မနက် ၁၀ နာရီခန့်ကလည်း ကရင်နီနဲ့ ရှမ်းတောင်ဖက်တွေမှာ စစ်ကောင်စီက လေယာဉ် ကိုးစီးနဲ့ တပြိုက်နက် စစ်ရေးဟန်ပြဖြတ်သန်းသွားခဲ့တယ်လို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူက ပြောပါတယ်။ 

“ ခြိမ်းခြောက်တာ၊ အင်းအား ပြတာလည်း ပါချင်ပါမှာပေါ့နော်။ ပြည်သူတွေကိုလည်း စိတ်ထိခိုက် သွားအောင်၊ စိုးရိမ်းထိတ်လန့်သွားအောင် သူတို့က လုပ်ဆောင်နေတယ်လို့ ထင်တာပဲ။ စစ်ကောင်စီဘက်က ထိုးစစ်ဆင်ထားတော့လေ။ စစ်ရေးတင်းမာနေဆဲ အနေအထားမှာ ရှိတယ်”လို့ သူက ပြောပါတယ်။ 

မေလ ၂၉ ရက် ၊ည ၁၀ နာရီခန့်ကလည်း မိုးဗြဲမြို့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ မိုးဗြဲအခြေစိုက် ခမရ ၄၂၂ တပ်က မိုးဗြဲမြို့ကို တာဝေးပစ် လက်နက်ကြီးနဲ့ ၂၀ လုံးထက်မနည်း ပစ်ခတ်ခဲ့တဲ့အတွက် အသက် ၁၁ နှစ်အရွယ် ကလေးငယ်တဦးသေဆုံးခဲ့ပြီး ပြည်သူ သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ 

မေလ ၂၇ ရက်က မိုးဗြဲမြို့ပေါ်က စစ်ကောင်စီစခန်းတွေကို မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီက လေကြောင်းကနေ ၈ ကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ 

စစ်ကောင်စီဟာ ကရင်နီနဲ့ ရှမ်းတောင်ဒေသတွေမှာ လေကြောင်းတိုက်ခိုက်မှုတွေကို နေ့ဘက်တွေသာမက ညဘက်တွေမှာပါ ဗုံးကြဲတိုက်ခိုက်မှုတွေ ပိုမို ပြုလုပ်လာနေပါတယ်။

Photoမိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်