မကွေးနဲ့ရခိုင်မှာ မိုးကြိုးထိလို့ တရက်တည်း လူငါးဦးသေဆုံး

ဇွန်၊ ၁
 
မကွေးတိုင်း၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့၊ မုန်တောကြီး ကျေးရွာမှာ မိုးကြိုးထိမှန်လို့ လယ်ကွင်းထဲ အလုပ်လုပ်နေတဲ့ အမျိုးသားသုံးဦး သေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
 
မုန်တောကြီးရွာခံ အမျိုးသားသုံးဦးဟာ မနေ့က ညနေပိုင်းမှာ နှမ်းခင်းထဲ အလုပ်လုပ်နေကြရင်း လယ်စောင့်တဲထဲ ဝင်နားချိန်မှာ မိုးကြိုးပစ်ချတာနဲ့ ကြုံခဲ့လို့ သုံးဦးလုံး မိုးကြိုးထိမှန်ပြီး နှစ်ဦးကတော့ နေရာမှာပဲ သေဆုံးခဲ့တာလို့ သိရပါတယ်။
 
” အရင်ရက်က မိုးများပြီး နှမ်းခင်းတွေ ပျက်စီးခဲ့တာ ကျန်တာလေးတွေ ထပ်မပျက်စီးရအောင် လယ်ထဲပြန်ဆင်းနေတာ၊ နှမ်းတွေရေမြုပ်မှာစိုးလို့ ရေလွှဲမြောင်းတွေ ဖောက်နေရာကနေ လယ်တဲထဲ ဝင်နားတုန်း မိုးကြိုးပြစ်ခံရတာ ” လို့ မုန်တောကြီးရွာ ဒေသခံတဦးဖြစ်တဲ့ မနွယ်နွယ်က DNA ကိုပြောပါတယ်။
 
မိုးကြိုးထိမှန်ခဲ့တဲ့ အမျိုးသားသုံးဦးထဲက တဦးကတော့ ဆေးရုံတင်ပို့ခဲ့ပေမယ့် ဆေးရုံအရောက်မှာ သေဆုံးသွားတာလို့ သိရပါတယ်။
 
မိုးကြိုးထိမှန်ပြီး သေဆုံးသွားသူတွေဟာ မုန်တောကြီးကျေးရွာက အသက် ၄၉ နှစ်အရွယ် ဦးလှိုင်မျိုးဦး၊ အသက် ၂၉ နှစ်အရွယ်တွေဖြစ်တဲ့ ကိုဇော်မျိုးအောင်နဲ့ ကိုအောင်ဆန်း တို့ဖြစ်တယ်လို့ သိရပါတယ်။
 
အလားတူ ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၊ လေးတောင်မြို့မှာလည်း မိုးရွာနေချိန် ဖုန်းထိုင်သုံးနေတဲ့ အသက် ၁၆ ဝန်းကျင် လူငယ်ကျောင်းသားနှစ်ဦး မိုးကြိုးထိမှန်သေဆုံးမှု မနေ့ကပဲ ဖြစ်ခဲ့ပါတယ်။ 
ဓာတ်ပုံ – Google