ရန်ကုန်နဲ့ မြဝတီမှာ ရေတွင်းနဲ့ ဒီဇယ်ကန်လှယ်ရာက တရက်တည်းလူသုံးဦးသေဆုံး

မေ၊ ၃၁
 
ရန်ကုန်မြို့ အင်းစိန်မြို့နယ်နဲ့ ကရင်ပြည်နယ် မြဝတီမြို့တို့မှာ ရေကန်၊ ဒီဇယ်ကန်တွေထဲ ဆင်းပြီး ကန်လှယ်ဖို့လုပ်ရာက မနေ့ကတရက်တည်း အမျိုးသားသုံးဦး သေဆုံးခဲ့တယ်လို့ မီးသတ်ဌာနထုတ်ပြန်ချက်တွေအရ သိရပါတယ်။
 
အင်းစိန်မြို့နယ် ကြို့ကုန်းအနောက်ရပ်ကွက်၊ ကြို့ကုန်း Jetty ဆိပ်ကမ်းဝန်းအတွင်းရှိ ငါးသယ်လှေတစီးပေါ်မှာ (၁၈)ပေလောက်အနက်ရှိတဲ့ ဒီဇယ်ကန်ဆင်းဆေးရာက မနေ့က မနက်ပိုင်းမှာ အမျိုးသားနှစ်ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
 
ဒီဇယ်ကန်ဆေးဖို့ ကန်ထဲဆင်းသွားတဲ့ အမျိုးသားနှစ်ဦးဟာ အောက်ဆီဂျင်ပြတ်တောက်ပြီး သေဆုံးတာလို့ မီးသတ်ဌာနထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
 
အလားတူ ကရင်ပြည်နယ် မြဝတီမြို့ အမှတ် (၅)ရပ်ကွက်မှာလည်း မနေ့က မနက်ပိုင်းကပဲ ရေတွင်းဆင်းဆေးတဲ့ အမျိုးသားတဦး ရေနစ်သေဆုံးခဲ့တယ်လို့ သိရပါတယ်။
 
ရေတွင်းဆင်းဆေးတဲ့ အမျိုးသားတဦး ရေနစ်နေကြောင်း သတင်းရလို့ သွားရောက်ကူညီခဲ့ပေမယ့် ရေနစ်သူဟာ သေဆုံးနေပြီဖြစ်တာကြောင့် ရုပ်အလောင်းကို ဆယ်ယူပေးခဲ့တယ်လို့ မီးသတ်ဌာနထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 
ဓာတ်ပုံ – MFSD