မန္တလေးမြို့ နန်းရှေ့က ရဲစခန်း ၄၀ မမနဲ့ ပစ်ခတ်တိုက်ခိုက်ခံရ

မေ၊ ၃၁
 
မန္တလေးမြို့ အောင်မြေသာစံမြို့နယ် နန်းရှေ့ရှိ အမှတ် (၁ ) ရဲစခန်းကို မေလ ၃၁ ရက် ဒီကနေ့ မနက်ပိုင်းက ၄၀ မမ ဗုံးသီးနဲ့ ပစ်ခတ်ခဲ့တယ်လို့ အဲဒီပစ်ခတ်မှုကို လုပ်ဆောင်တဲ့ နတ်ဆိုး (မြေအောက်တော်လှန်ရေး) အဖွဲ့ တာဝန်ရှိသူက DNA ကိုပြောပါတယ်။
 
” ကျနော်တို့ ၄၀ မမ တလုံးထဲပဲ ပစ်ခတ်နိုင်ခဲ့တယ်။ ထိခိုက်မှုခြေနေကတော့ စုံစမ်းတုန်းပါပဲ ” လို့ အဲဒီအဖွဲ့က တာဝန်ခံ ဗိုလ်နတ်ဆိုးက ပြောပါတယ်။
 
လုံခြုံရေးအထပ်ထပ်ချထားတဲ့ ၁၉ လမ်း၊ ၅၈ လမ်းနဲ့ လမ်း ၆၀ ကြားရှိ အမှတ် (၁) ရဲစခန်းက ထောက်ခံစာလုပ်ပေးတဲ့ ရုံးခန်းကို ဒီကနေ့မနက် ၈ နာရီလောက်က ၄၀ မမ ဗုံးပစ်လောင်ချာနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့လည်း ပြောပါတယ်။
 
” လုံခြုံရေးတင်းကျပ်ထားတဲ့အတွက် ရဲဘော်တွေတောင် ကံကောင်းလို့ လွတ်မြောက်လာတယ်ဗျ။ ဘန်ကာတွေက နှစ်ထပ်တွေကို အတော်လုံအောင်ကာထားတာ။ ပြီးတော့ အဲ့စခန်းက အခုလို အလက်နဲ့သာ အပစ်မခံရတာ ခဏခဏ ဗုံးထုခံနေရတာဗျ ” လို့ ဗိုလ်နတ်ဆိုးက ဆိုပါတယ်။
 
၁၉ လမ်းမပေါ်မှာရှိတဲ့ အမှတ် ၁ ရဲစခန်းဟာ ဘန်ကာတွေကို လုံခြုံခိုင်မာအောင် နှစ်ဆင့် တည်ဆောက်ထားတဲ့ ရဲစခန်းဖြစ်ပြီး တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီလုံခြုံရေးအဖွဲ့တွေဟာ မြို့အနှံ့ ပိတ်ဆို့စစ်ဆေးခဲ့ပေမယ့် အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့တယ်လို့လည်း အဲဒီအဖွဲ့ က ထုတ်ပြန်ထားပါတယ်။
 
ရဲစခန်းတိုက်ခိုက်မှုကို ကောင်းကင်တော်လှန်ရေးအင်အားစု ပြင်ဦးလွင်ခရိုင်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပ.က.ဖ) တပ်ခွဲ (၁) နဲ့ နတ်ဆိုး (မြေအောက်တော်လှန်ရေးတပ်ဖွဲ့) တို့ ပူးပေါင်းလုပ်ဆောင်တယ်လို့ ဆိုပါတယ်။
 
စစ်ကောင်စီနဲ့ နီးစပ်သူတွေကတော့ ဒီကနေ့ မနက်ပိုင်းမှာ ပေါက်ကွဲမှုမဖြစ်ခဲ့ဘူးလို့ ပြောဆိုပေမယ့် တော်လှန်ရေးအဖွဲ့တွေက ထုတ်ပြန်ထားတဲ့ ရုပ်သံမှတ်တမ်းတွေအရ အမှတ် (၁) ရဲစခန်း အနီးတနေရာမှတဆင့် ၄၀ မမ နဲ့ စခန်းအတွင်း ပစ်ခတ်နေတာကို တွေ့မြင်ရသလို ကျရောက်ပေါက်ကွဲသံလည်း ကြားရပါတယ်။
 
” စခန်းပေါက်မှာကို သူက အုတ်တွေနဲ့ ဘန်ကာဆောက်ထားတယ်။ လမ်းတခြမ်းကိုလည်း အမြဲပိတ်ထားတယ်။ အရင်တုန်းကလည်း အဲဒီစခန်းမှာ ဗုံးထုခံရတာတွေ ရှိခဲ့ဖူးတယ်။ လက်နက်ကြီးနဲ့ ထုခံရတာတော့ ဒါပထမဆုံးထင်တယ်။ စဖြစ်တုန်းကတော့ လမ်းခဏပိတ်သွားတယ်လို့ ပြောတယ်ဗျ။ ထိခိုက်မှုခြေနေတော့ သေချာမသိရသေးဘူး ” လို့ နန်းရှေ့ရပ်နေသူတဦးက ပြောပါတယ်။
 
ဒီလ ၂၇ ရက်နေ့ကလည်း အောင်မြေသာစံမြို့နယ်၊ မန္တလေးတောင်ခြေက စစ်ကောင်စီရဲ့ ခလရ ၉၁၀ (GE တပ်) အတွင်းသို့ အဲဒီပူးပေါင်းအဖွဲ့က ၄၀ မမ လောင်ချာနဲ့ နှစ်လုံးပစ်ခတ်တိုက်ခိုက်ခဲ့ပေမယ့် အထိအခိုက်မသိရပါဘူး။ 
ဓာတ်ပုံ – Social Media