အက်ဖ်အေဖလား ဗိုလ်လုပွဲ မတိုင်ခင် ဒဏ်ရာပြဿနာတွေ ဖိစီးနေတဲ့ မန်ချက်စတာ ယူနိုက်တက်

မေ၊ ၃၁

အခု ဘောလုံးရာသီရဲ့ ဒုတိယမြောက် ဆုဖလား မျှော်လင့်ခွင့်ဖြစ်တဲ့ အက်ဖ်အေဖလား ဗိုလ်လုပွဲစဉ် မတိုင်ခင် မန်ချက်စတာ ယူနိုက်တက် အသင်းဟာ တိုက်စစ်ပိုင်းမှာ ခေါင်းခဲစရာ ဒဏ်ရာ ပြဿနာတွေနဲ့ ကြုံနေရပါတယ်။

 ပြင်သစ် တိုက်စစ်မှူး အန်သိုနီ မာစီရယ်လ်ဟာ အခု သီတင်းပတ်ကုန်ကျရင် မန်ချက်စတာ စီးတီးနဲ့ ကစားမယ့် အက်ဖ်အေဖလား ဗိုလ်လုပွဲစဉ်ကို တံကောက်ကြော ဒဏ်ရာကြောင့် လွဲချော်တော့မှာ ဖြစ်ပါတယ်။ အသက် ၂၇ နှစ်အရွယ် ပြင်သစ်သားဟာ ဖူလ်ဟမ်ကို ၂-၁ နဲ့ အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ် ရာသီပိတ် ပွဲစဉ်မှာ အဲဒီဒဏ်ရာ ရခဲ့တာလို့ ဆိုပါတယ်။

 ဆေးစစ်မှု ရလဒ်တွေအရ မာစီရယ်လ်ဟာ ကြွက်သား စုတ်ပြဲတဲ့ဒဏ်ရာ ရသွားခဲ့ကြောင်း ကလပ်အသင်းက အတည်ပြုပါတယ်။ မာစီရယ်လ်အပြင် ယူနိုက်တက်ဟာ ချဲလ်ဆီးနဲ့ ပွဲစဉ်မှာ ဒဏ်ရာရသွားခဲ့တဲ့ ဘရာဇီး တောင်ပံတိုက်စစ်သမား အန်တိုနီကလည်း အခုပွဲမှာ ပါနိုင်ဖို့ မသေချာသေးပါဘူး။ ဒါ့အပြင် အားထားရတဲ့ နောက်ခံလူ လီဆန်ဒရို မာတီနက်ဇ်ကလည်း ဒဏ်ရာကြောင့် နားနေရဆဲ ဖြစ်ပါတယ်။

 စီးတီးဟာ အခုရာသီမှာ အဓိက ဆုဖလား ၃ လုံးစလုံး သိမ်းကြုံးရယူဖို့ ရည်မှန်းထားပြီး ပရီးမီးယားလိဂ် ချန်ပီယံဆုကို ရရှိထားပြီး ဖြစ်ပါတယ်။ တကယ်လို့ အက်ဖ်အေဖလား ဗိုလ်လုပွဲနဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲတွေမှာပါ အနိုင်ရခဲ့မယ်ဆိုရင် ၁၉၉၉ ခုနှစ်တုန်းက ယူနိုက်တက် စွမ်းဆောင်ပြခဲ့ဖူးတဲ့ မဟာအောင်မြင်မှုကို အမီလိုက်ပြတော့မှာ ဖြစ်ပါတယ်။

 ယူနိုက်တက်ကတော့ မန်နေဂျာ အဲရစ်တန်ဟက်ဂ်ရဲ့ ပွဲဦးထွက် ရာသီမှာ လိဂ်ဖလားကို ရရှိထားပြီး ဖြစ်သလို လက်ရှိ ခြေစွမ်းအကောင်းဆုံး အနေအထားမျိုး ဖြစ်နေတဲ့ စီးတီးကို အက်ဖ်အေဖလား ဗိုလ်လုပွဲမှာ ရင်ဆိုင်ရမှာပါ။ အခုတော့ မာစီရယ်လ်ပါ ဒဏ်ရာ ထပ်ရသွားတဲ့အတွက် ယူနိုက်တက်ရဲ့ အနေအထားက စိုးရိမ်စရာ ပိုကောင်းလာပါတယ်။

 မာစီရယ်လ်ဟာ တရာသီလုံးလိုလို ဒဏ်ရာတွေနဲ့ ရုန်းကန်ခဲ့ရပြီး ပရီးမီးယားလိဂ် ၂၁ ပွဲ ကစားရာမှာ ၆ ဂိုးသွင်းပြီး အသင်းဖော်တွေကို ၂ ကြိမ် ဂိုးဖန်တီးပေးခဲ့ပါတယ်။ တန်ဟက်ဂ်ကတော့ မန်ချက်စတာ မြို့ခံနှစ်သင်း ရင်ဆိုင်မယ့် ပွဲစဉ်မှာ ဘရာဇီးသား အန်တိုနီ ပါဝင်နိုင်ဖို့ မျှော်လင့်ချက်ကို လက်မလျှော့ချင်သေးကြောင်း ပြောဆိုထားပါတယ်။