မြင်းခြံထောင်ကနေ အပြင်ထုတ်စစ်ဆေးခံရတဲ့ နိုင်ကျဉ်းတွေ ရိုက်နှက်ခံရပြီး ထောင်တွင်းပြန်ရောက်

မေ၊ ၃၀
 
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ မြင်းခြံဗဟိုအကျဉ်းထောင်မှာ ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား ၁၁ ဦးကို စစ်ကောင်စီ လုံခြုံရေးက ထောင်ပြင်ခေါ်ထုတ်စစ်ဆေးပြီးနောက် ထောင်အတွင်း ပြန်ရောက်လာပေမယ့် ရိုက်နှက်ထားတဲ့ ဒဏ်ရာတွေ ရလာတယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေထံမှ သိရပါတယ်။
 
” လတ်တလော ၁၁ ဦးလုံးတော့ ထောင်ထဲ ပြန်ရောက်ပြီးပေါ့။ သူတို့ အိပ်ဆောင်ထဲ ပြန်ထည့်ထားတယ်လို့ ကြားတယ်။ ဒါပေမယ့် ရိုက်နှက်ထားတာတွေတော့ ရှိတယ်ပေါ့လေ၊ ကြိုးနဲ့တုပ်ပြီးတော့ ခြေဆစ်လက်ဆစ်တွေကို ရိုက်ထားတာပေါ့ ” လို့ နိုင်ငံရေး အကျဉ်းသားဟောင်း တဦးဖြစ်တဲ့ မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီမှ ကိုရှင်းသန့်က ပြောပါတယ်။
 
စစ်ကောင်စီလုံခြုံရေးအဖွဲ့တွေဟာ နိုင်ငံရေးအကျဉ်းသားတွေမှာ မိုဘိုင်းလ်တယ်လီဖုန်းရှိပြီး ထောင်ပြင်ပနဲ့ ချိတ်ဆက်ကာ ထောင်ဖောက်ဖို့ ကြံစဉ်နေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဒီလ၂၁ ရက်မှ ၂၄ ရက်နေ့အထိ လေးရက်ခန့် ထောင်ပြင်ထုတ်ပြီး စစ်ဆေးတာဖြစ်တယ်လို့ ဆက်ပြောပါတယ်။
 
” ဖုန်းရှိတယ်ဆိုပြီး အပြင်နဲ့ ချိတ်ဆက်ထောင်ဖောက်ဖို့ လုပ်တယ်ဆိုပြီး အခုလို အပြင်ထုတ်စစ်တာပါ ” လို့လည်း ကိုရှင်းသန့်က ဆိုပါတယ်။
 
စစ်ဆေးခံရတဲ့ အထဲမှာ နိုင်ငံရေးအကျဉ်းသားတွေဖြစ်တဲ့ တောင်သာက ကိုသက်မောင်မောင်နဲ့ ကိုကျော်မင်းနိုင်၊ မန္တလေးက ကိုကျော်မျိုးတင့်နဲ့ ကိုဇော်ဇော်အောင်၊ မြင်းခြံက ကိုကျော်ဇင်ဦး၊ မုံရွာက ကိုဥက္ကာ၊ ကိုဇော်လှိုင်းနဲ့ ကိုစိုးရာဇာထွန်းလွင်၊ မန္တလေးက ကိုမင်းရဲထွေး (ခ) ကိုမင်းသွေး၊ ကိုကျော်စိုးတင့် နဲ့ ကိုအောင်မျိုးသန့် တို့ဖြစ်တယ်လို့ သိရပါတယ်။
 
အဲဒီ နိုင်ငံရေးအကျဉ်းသား ၁၁ ဦးကို မြင်းခြံထောင်ရှိ ထောင်ပိုင်ကြီးရုံးခန်းအတွင်းမှာ ရိုက်နှက်စစ်ဆေးတာတွေ လုပ်ခဲ့သလို သူတို့အထဲမှာ သေဆုံးပြီးလို့ သတင်းထွက်နေတဲ့ ကိုဥက္ကာလည်း မသေဆုံးဘဲ ထောင်တွင်းပြန်လည် ရောက်လာတယ်လို့ ကိုရှင်းသန့်က ဆိုပါတယ်။
 
” ကိုဥက္ကာလည်း အသက်မသေဘဲ ပြန်ရောက်လာတယ်ကြားတယ်ဗျ။ ပြီးခဲ့တဲ့ စနေ၊ တနင်္ဂနွေနေ့ကပဲ ပြန်ရောက်လာကြတာပါ။ အခုတော့ ထောင်ဝင်စာကိုလည်း တလပိတ်ထားတယ် ” လို့ သူကဆိုပါတယ်။
 
လက်ရှိ မြင်းခြံထောင်ပိုင် ကိုယ်တိုင်က နိုင်ငံရေးအကျဉ်းသားတွေကို ဖိနှိပ်မှုတွေ၊ ရိုက်နှက်မှုတွေကို ခွင့်ပြုပေးထားတဲ့အတွက် နိုင်ငံရေးအကျဉ်းသားတွေ အပေါ်မှာ ယခုထက်ပိုပြီး ဖိနှိပ်တာတွေ လုပ်လာနိုင်တယ်လို့ မြင်းခြံအကျဉ်းထောင်နဲ့ နီးစပ်သူတဦးက ပြောပါတယ်။
 
အလားတူပဲ ပဲခူးတိုင်း၊ ဒိုက်ဦးမြို့နယ်၊ ကျိုက်စကော အကျဉ်းထောင် မှာလည်း ဒီလ ၂၅ ရက်က နိုင်ငံရေးအကျဉ်းသား နှစ်ဆယ်လောက်ကို ထောင်ပြင်ခေါ်ထုတ် ရိုက်နှက်စစ်ဆေးတာတွေ လုပ်ခဲ့အတွက် အဲဒီထဲက အမျိုးသားတဦး သေဆုံးသွားတယ်လို့လည်း အကျဉ်းထောင်နဲ့ နီးစပ်သူတွေက ပြောဆိုကြပါတယ်။
 
အာဏာသိမ်းစစ်ကောင်စီဟာ နိုင်ငံရေး အကျဉ်းသားတွေကို ရန်သူသဖွယ် အမြဲတမ်းသတ်မှတ်ပြီး ဖိနှိပ်မှုတွေကို ပိုမိုပြီးပြုလုပ်နေတယ်လို့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေနဲ့ လူ့အခွင့်အရေးလှုပ်ရှားသူတွေက ဝေဖန်ကြပါတယ်။
 
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဒီလ ၂၉ ရက်အထိ နိုင်ငံတဝန်းမှာ ဖမ်းဆီးခံထားရသူပေါင်း ၁၈၄၁၆ ဦးအထိရှိပြီး အဲဒီထဲက ၆၁၀၇ ဦးက ထောင်ချခံထားရတယ်လို့ ထုတ်ပြန်ထားပါတယ်။ 
ဓာတ်ပုံ – Social Media