မေ၊ ၃၀
ရန်ကုန်မြို့၊ အလုံမြို့နယ်မှာရှိတဲ့ သခင်မြပန်းခြံမှာ လက်လုပ်ဗုံးပေါက်ကွဲမှုတခု ပြီးခဲ့တဲ့ မေလ ၂၅ ရက်နေ့မှာဖြစ်ခဲ့ပြီးတဲ့နောက် ပန်းခြံကို ငါးရက်ကြာတဲ့ အထိပြန်မဖွင့်သေးဘူးလို့ ပန်းခြံအနီး ပုံမှန်သွားလာနေသူတွေက ပြောပါတယ်။
ကြည့်မြင်တိုင်ကမ်းနားလမ်းနဲ့ အောင်ရတနာလမ်းထောင့်မှာရှိတဲ့ သခင်မြပန်းခြံအတွင်းမှာ ပြီးခဲ့တဲ့ မေလ ၂၅ ရက်နေ့ မနက် ၁၁ နာရီလောက်က ဗုံးနှစ်လုံးပေါက်ကွဲခဲ့ပြီး မပေါက်ကွဲသေးတဲ့ အရှည် ၈ လက်မခန့်ရှိ PVC ကော်ပိုက်တပ် အဝေးထိန်းဗုံးနှစ်လုံးကို တွေ့ရှိခဲ့တယ်လို့ အနီးအနားနေထိုင်သူတွေကဆိုထားပါတယ်။
အဲဒီနေ့က ပေါက်ကွဲမှုကြောင့် တစုံတရာ ထိခိုက်တာ မရှိဘဲ မပေါက်ကွဲသေးတဲ့ ဗုံးနှစ်လုံးကိုတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဖြုတ်သိမ်းသွားခဲ့ပါတယ်။
“အထဲကိုတော့ ပန်းခြံဝန်ထမ်းတွေပဲ ဝင်လို့ရတယ်။ လမ်းသွားလမ်းလာတွေကိုတော့ ဝင်ခွင့်မပေးသေးဘူး၊ တံခါးတွေလည်း သော့ခတ်ထားတုန်းပဲ။ စစ်သားတွေတော့ ပန်းခြံထဲမှာ မတွေ့ရဘူး၊ ဗုံးပေါက်တဲ့နေ့ကတော့ သူတို့ တနေကုန်ရှိနေတာ၊ ညနေ ၆ နာရီလောက်မှ ပြန်သွားကြတယ်” လို့ ပန်းခြံအနီး စျေးရောင်းနေသူတဦးက DNA ကို ပြောပါတယ်။
Delta News Agency က သွားရောက်စုံစမ်းတဲ့ မေလ ၃၀ ရက်နေ့ နေ့လယ်ပိုင်းမှာတော့ ပန်းခြံဝင်ပေါက်တံခါး ၃ ခုစလုံးကို သော့ခတ်ထားတာ တွေ့ရပြီး ပန်းခြံနဲ့ကပ်လျက်ရှိတဲ့ အများသုံးသန့်စင်ခန်း ၂ ခုကိုတော့ ပုံမှန်အတိုင်း အသုံးပြုလို့ ရနေပါတယ်။
ပန်းခြံအတွင်း အဲဒီဗုံးဖောက်ခွဲမှုတွေကို ဘယ်အဖွဲ့က လုပ်တယ်ဆိုတာမသိရသလို ရန်ကုန်အခြေစိုက် စစ်အာဏာရှင်တော်လှန်ရေး ပြောက်ကျားတပ်ဖွဲ့တွေကလည်း အဲဒီဖြစ်စဥ်နဲ့ ပတ်သက်ပြီး တစုံတရာထုတ်ပြန်ထားတာ မရှိပါဘူး။
ဗုံးပေါက်ကွဲမှု မဖြစ်ခင်က သခင်မြပန်းခြံအတွင်း လာရောက်အနားယူ အပန်းဖြေသူ ၃၀၀ နဲ့ ၅၀၀ အကြား နေ့စဥ်မပြတ်ရှိခဲ့ပြီး အပူချိန်မြင့်မားတဲ့ ဧပြီလအတွင်းကတော့ လာရောက်အပန်းဖြေသူ အများဆုံးရှိခဲ့တယ်လို့ ပန်းခြံအနီးနေထိုင်သူတွေက ပြောပါတယ်။
ဒါ့အပြင် သခင်မြပန်းခြံမှာ ရန်ကုန်ဘတ်စ်ကားဝန်ဆောင်မှု YBS ယာဥ်လိုင်းတွေထဲက အနည်းဆုံး ယာဥ်လိုင်း ၁၇ လိုင်းရဲ့ ဂိတ်တွေရှိပြီး နေ့စဥ် မနက် ၇ နာရီလောက်ကနေ ညနေ ၆ နာရီခွဲလောက်အထိ လမ်းသွားလမ်းလာတွေ၊ စျေးသည်တွေနဲ့ လူစည်ကားနေလေ့ရှိပါတယ်။
ပြီးခဲ့ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၂၀ ရက်နေ့ကလည်း သခင်မြပန်းခြံ အများသုံးသန့်စင်ခန်းအတွင်း ဗုံးပေါက်ကွဲလို့ အမျိုးသားတဦး ဒဏ်ရာရရှိခဲ့ပြီး မပေါက်ကွဲသေးတဲ့ နောက်ထပ်ဗုံးတလုံးကိုတော့ စစ်ကောင်စီတပ်က ဖောက်ခွဲခဲ့ပါတယ်။