မင်းတပ်မှာတိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်က သုံးဦးသေဆုံး၊CDFတပ်ဖွဲ့ဝင် တဦးပြင်းထန် ဒဏ်ရာရ

 

မေ၊ ၃၀

ချင်းပြည်နယ် မင်းတပ်မြို့နယ်မှာ မနေ့ကနေ့လယ်ပိုင်းက ချင်းကာကွယ်ရေးတပ်CDF၊ PDF ပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ရာမှာ စစ်ကောင်စီဘက်က သုံးဦးသေဆုံးပြီး CDF တပ်ဖွဲ့ဝင် တဦးပြင်းထန်ဒဏ်ရာ ရခဲ့တယ်လို့ တိုက်ပွဲမှာပါဝင်ခဲ့တဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တဦးက DNA ကိုပြောပါတယ်။

မင်းတပ်မြို့ကနေ မကွေးတိုင်း ကျောက်ထုမြို့ဘက်ပြန်ဆင်းလာတဲ့ အင်အားနှစ်ရာဝန်းကျင်ပါ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေး ပူးပေါင်းတပ်တွေဟာ အဲ့ဒီမြို့နှစ်မြို့ကြားတောလမ်းတနေရာမှာ မနေ့က တိုက်ပွဲဖြစ်ခဲ့တာလို့ သိရပါတယ်။

အဲ့ဒီတိုက်ပွဲဟာ တဘက်နဲ့တဘက် မီတာ ၂၀လောက်အကွာအထိ အနီးကပ် ထိပ်တိုက်ပစ်ခတ်ခဲ့တဲ့တိုက်ပွဲဖြစ်ပြီး ၄၅မိနစ်ဝန်းကျင်လောက်ကြာအပြန်အလှန်ပစ်ခတ်ခဲ့ကြတယ်လို့ဆိုပါတယ်။

ဒါ့အပြင်နှစ်ဘက် အနီးကပ်တိုက်ပွဲဖြစ်ပြီးနောက် မင်းတပ်မြို့နယ် ထင်ချောင်းရွာမှာ တပ်စွဲစခန်းချခဲ့တဲ့ စစ်ကောင် စီတပ်ကို မနေ့ကည ရှစ်နာရီဝန်းကျင်နဲ့ ဒီကနေ့ မနက် ငါးနာရီဝန်းကျင်တို့မှာလည်း လက်နက်ကြီး၊လက်နက် ငယ်တွေနဲ့ အလစ်အငိုက် ပစ်ခတ်ခတ်တိုက်ခိုက်ခဲ့သေးတယ်လို့ CDF-Mindat စစ်ဗျူဟာမှူးက ပြောပါတယ်။

မင်းတပ်မြို့နယ်အတွင်းမှာ မေလပထမပတ်ကစလို့ ဒေသကာကွယ်ရေးပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီ တပ် တွေကြား နေ့စဉ်နီးပါးထိတွေ့တိုက်ပွဲတွေဖြစ်နေသလို စစ်ကောင်စီကလည်း လူနေကျေးရွာတွေဘက်ကို လက်နက်ကြီးတွေနဲ့ပစ်ခတ်တိုက်ခိုက်မှုတွေလုပ်နေတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

Photo-  cdf mindat