မြင်းစီးရင်း မတော်တဆမှု ဖြစ်ခဲ့တာကြောင့် ပီအက်စ်ဂျီ ဂိုးသမား အသက်လု ကုသမှု ခံယူနေရ

မေ၊ ၂၉

ပြင်သစ် ဘောလုံးကလပ် ပီအက်စ်ဂျီရဲ့ ဂိုးသမား ဆာဂျီယို ရီကိုဟာ မြင်းစီးရင်း မတော်တဆမှုတခု ကြုံခဲ့တာကြောင့် အသက်လု ကုသမှုတွေ ခံယူနေရတယ်လို့ သိရပါတယ်။

ပြင်သစ် လီဂူးဝမ်း ချန်ပီယံ အသင်းရဲ့ အသက် ၂၉ နှစ်အရွယ် အရန်ဂိုးသမားဟာ စပိန်မှာရှိတဲ့ ဟူလ်ဗာဒေသက အယ်လ်ရိုစီယို မြို့မှာ အပျော်တမ်း မြင်းစီးနေရင်း ထွက်ပြေးလာတဲ့ မြင်းတကောင်က အရှိန်ပြင်းပြင်း ဝင်တိုက်တာ ခံခဲ့ရတာ ဖြစ်ပါတယ်။

သူ့ကို ဆဗီးလားမြို့မှာရှိတဲ့ ဆေးရုံတခုဆီ ရဟတ်ယာဉ်နဲ့ အရေးပေါ် တင်ပို့ခဲ့ရပြီး အရေးပေါ်စောင့်ကြည့်လူနာ ဌာနဆီ လွှဲပေးထားရပါတယ်။ ပီအက်စ်ဂျီ အသင်းက ရီကိုရဲ့ အခြေအနေဟာ အထူးစိုးရိမ်ရတယ်လို့ အတည်ပြုထားပေမယ့် အသေးစိတ် အချက်အလက်တွေကိုတော့ မထုတ်ပြန်သေးပါဘူး။

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က စထရာဘော့ဂ် အသင်းနဲ့ တစ်ဂိုးစီ သရေကျပြီး အမှတ်ပေး ချန်ပီယံဆုကို ၁၁ ကြိမ်မြောက်အဖြစ် ပီအက်စ်ဂျီအသင်း သိမ်းပိုက်ခဲ့ချိန်က ရီကိုဟာ အရန်ခုံမှာ ရှိနေခဲ့ပါတယ်။ ချန်ပီယံဆုရ အသင်းသားတွေကို အားလပ်ရက် ခွင့်ပြုပေးလိုက်တဲ့နောက် ရီကိုဟာ ဇာတိနိုင်ငံ စပိန်ကို ပြန်ရောက်နေခဲ့တာပါ။

ရီကိုဟာ ကျွမ်းကျင်တဲ့ သမားတော်တွေရဲ့ စောင့်ရှောက် ကုသမှုကို ခံယူ ရရှိနေကြောင်း၊ လာမယ့် ၄၈ နာရီအတွင်း အခြေအနေတွေက သူ့အတွက် အရမ်းအရေးကြီးကြောင်း မေလ ၂၈ ရက်မှာ မိသားစုက ထုတ်ပြန်ပါတယ်။ ပီအက်စ်ဂျီ အသင်း ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်တယောက်က ရီကိုရဲ့ အခြေအနေက စိုးရိမ်ရတယ်လို့ အတည်ပြုခဲ့ပြီး အသင်းဟာ မိသားစုနဲ့ အချိန်ပြည့် ဆက်သွယ်နေတယ်လို့ ပြောကြားထားပါတယ်။

မွေးရပ်မြေက မြို့ခံကလပ် ဆဗီးလားမှာ စတင် တောက်ပခဲ့တဲ့နောက် ရီကိုဟာ ၂၀၂၀ ပြည့်နှစ်မှာ ပီအက်စ်ဂျီ အသင်းဆီ ရောက်ရှိခဲ့ပါတယ်။ သူဟာ ၂၀၁၈-၁၉ ဘောလုံးရာသီမှာတော့ အင်္ဂလန် ပရီးမီးယားလိဂ် ဘောလုံးကလပ် ဖူလ်ဟမ်နဲ့ အငှား ကစားသမားဘဝ ဖြတ်သန်းခဲ့ဖူးပါတယ်။ သူဟာ ပီအက်စ်ဂျီအတွက် စုစုပေါင်း ၂၉ ပွဲသာ ပါဝင်ကစားခွင့် ရထားခဲ့ပါတယ်။

 

Ref: BBC