ချမ်းအေးသာစံမြို့နယ်မှာ အမျိုးသားတဦး သေနတ်နဲ့အပစ်ခံရပြီးသေဆုံး

မေ၊ ၂၉
 
မန္တလေးတိုင်း၊ ချမ်းအေးသာစံမြို့နယ်၊ ပြည်ကြီးမျက်ရှင်ရပ်ကွက် မှာရှိတဲ့ ဦးဘသန်း ကုန်စုံဆိုင် အပေါ်ဆုံးထပ်မှာ နေထိုင်တဲ့ အမျိုးသားတဦးကို မနေ့မေလ ၂၈ ရက်ညပိုင်းမှာ လူတစုက သေနတ်နဲ့ လာရောက်ပစ်ခတ်ခဲ့တာကြောင့် သေဆုံးခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။
 
သေဆုံးသူ ကိုဆွေလွင်ဦး (ခ) ကိုအောင်မျိုးဆွေဟာ ကုန်စုံဆိုင်ရဲ့အပေါ် ဆုံးထပ်မှာ နေထိုင်သူဖြစ်ပြီး မနေ့ညပိုင်း ဆိုင်ပိတ်ချိန်မှာတော့ အမည်မသိအမျိုးသားသုံးဦးက ဆိုင်ကယ်နဲ့ လာရောက်ခဲ့ပြီး နာမည်ကိုမေးကာ တဦးက အိမ်ပေါ်ကိုတက်ပြီး ပစ်ခတ်သွားတာဖြစ်တယ်လို့ ဆိုပါတယ်။
 
” ဆိုင်ပိတ်ခါနီး အချိန်ရောက်လာတယ်။ ကိုဆွေရှိလားဆိုပြီး အပေါ်ထပ်မှာရှိတယ်ဆိုတော့ တယောက်က တက်သွားတယ်။ အဲ့ဒီလူတက်သွားပြီး မကြာဘူး ပြန်ဆင်းလာတာ သူတို့ပြန်ထွက်သွားမှ တယောက်လက်ထဲမှာ ဓားထုတ်ကိုင်တာကို မြင်လိုက်ရတယ် ” လို့ ရပ်ကွက်အတွင်း နေထိုင်သူတဦးက DNA ကိုပြောပါတယ်။
 
ပစ်ခတ်သံတွေကြောင့် အိမ်နီးနားချင်းတွေသွားကြည့်ချိန်မှာတော့ သေနတ်ဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ ကိုဆွေလွင်ဦးရဲ့အလောင်းကို တွေ့ခဲ့ရတယ်လို့လည်း ဆက်ပြောကြပါတယ်။
 
အသက် ၄၀ ဝန်းကျင်ရှိပြီဖြစ်တဲ့ ကိုဆွေလွင်ဦးရဲ့ အလောင်းဘေးမှာတော့ ပစ္စတိုသေနတ် ကျည်ခွံတွေကိုလည်း တွေ့ခဲ့တယ်လို့ ဆိုပါတယ်။
 
ဒီပစ်ခတ်မှုကိုတော့ စစ်ကောင်စီလက်အောက်ခံ တယ်လီဂရမ်ချယ်နယ်တွေမှာတော့ ပစ်ခတ်သူတွေက ဖုန်းနဲ့ကားတွေကိုယူဆောင်သွားတယ်လို့ ဖော်ပြထားပြီး မြို့ခံတွေကတော့ ပစ္စည်းပျောက်ဆုံးတာ မရှိဘူးလို့လည်း ဆိုကြပါတယ်။
 
ပစ်ခတ်မှုဖြစ်ပြီးနောက် စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့တွေ မိနစ် ၃၀ ခန့် လာရောက်စစ်ဆေးပြီး ပြန်ထွက်သွားကြတယ်လို့လည်း မြို့ခံတွေရဲ့ပြောပြချက်အရ သိရပါတယ်။ 
ဓာတ်ပုံ – CJ