စစ်ရှောင်စခန်းကို လေကြောင်းကတိုက်လို့ လေးဦးဒဏ်ရာရ

မေ၊ ၂၈
 
ရှမ်း-ကယားနယ်စပ်၊ မိုးဗြဲမြို့အနောက်ဖက်ခြမ်းရှိ စစ်ဘေးရှောင်တွေ နေထိုင်တဲ့ စစ်ရှောင်စခန်းတခုကို ဒီကနေ့မနက်လေးနာရီခွဲခန့်မှာ စစ်ကောင်စီက လေယာဉ်နဲ့ နှစ်ကြိမ် ဗုံးကြဲတိုက်ခိုက်တဲ့အတွက် အရပ်သားလေဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က တာဝန်ရှိသူက ပြောပါတယ်။
 
“ ဒဏ်ရာရရှိတဲ့သူ လေးဦးကိုတော့ ဆေးရုံးဆေးခန်း ပို့ထားတယ်။ ဒဏ်ရာရရှိမှုတွေကတော့ အရမ်းကြီးစိုးရိမ်စရာတော့ မရှိပါဘူး။ အမျိုးသားကတော့ နည်းနည်းရှပ်ထိသွားတယ်။
ကလေးလည်း ထိသွားတာတော့ ရှိပေမယ့် အန္တရာယ်တော့ မရှိပါဘူး။ အမျိုးသမီးထိခိုက်တာလည်း ရှိတယ်။ ဒီလိုစစ်ရှောင်စခန်းကို တိုက်ခိုက်တာကတော့ မလုပ်သင့်တဲ့ဟာကို လုပ်သွားတာပေါ့နော်။ အခုလောလောဆယ်တော့ အဲဒီက စစ်ရှောင်တွေ နီးစပ်ရာနေရာတွေမှာ တိမ်းရှောင်နေရတာမျိုး ရှိပါတယ် ” လို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတဦးက ပြောပါတယ်။
 
ဒဏ်ရာရရှိသူတွေဟာ အမျိုးသမီးတဦး၊ ကလေးငယ်တဦးနဲ့ အမျိုးသားတဦးတို့ဖြစ်ပြီး စစ်ရှောင်စခန်းမှာ လူဘယ်လောက်နေထိုင်တယ်ဆိုတာကိုတော့ ပြောမသွားပါဘူး။
 
စစ်ကောင်စီက အရပ်သားစစ်ဘေးရှောင်တွေသာ စစ်ရှောင်နေထိုင်နေတဲ့ နေရာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ ဒီကနေ့ မေလ ၂၈ ရက် နံနက်ပိုင်းမှာ လာရောက်တိုက်ခိုက်တာဖြစ်ပြီး စစ်ရှောင်စခန်းက နေအိမ်သုံးလုံးပျက်စီးသွားတယ်လို့ သိရပါတယ်။
 
ယမန်နေ့ မေလ ၂၇ ရက်ကလည်း မိုးဗြဲမြို့ပေါ်က ညောင်းဝိုင်းရပ်ကွက်အပါအဝင် စစ်ကောင်စီစခန်းချထားတဲ့ နေရာတွေကို ကရင်နီတော်လှန်ရေးတပ်တွေက မနက်ငါးနာရီခန့်မှာ ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီက လေယာဉ်နဲ့ ၈ ကြိမ်ခန့် လာရောက်ပစ်ခတ်ခဲ့ပါတယ်။
လေယာဉ်နဲ့ ရှစ်ကြိမ်ခန့် ဗုံးကြဲရာတွင် ပေါင် ၅၀၀ ဗုံးတွေလည်း အသုံးပြုခဲ့သလို လက်နက်ကြီး ပစ်ကူတွေလည်း အဆမတန်အသုံးပြုခဲ့တယ်လို့ သိရပါတယ်။
 
စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် ယမန်နေ့ ညနေ ၅ နာရီခန့်မှာ မိုးဗြဲမြို့၊ စည်ကား (၃) ရပ်ကွက်မှာ နေထိုင်တဲ့ အသက်သုံးနှစ်ကျော် ကလေးငယ်တဦး လက်နက်ကြီးစ ထိမှန်ခဲ့ပြီး ဘယ်ဘက်ရင်ဘတ် ပွင့်ထွက်ဒဏ်ရာ ပြင်းထန်စွာရရှိခဲ့ကာ သေဆုံးသွားခဲ့ပါတယ်။
 
ဒါ့အပြင် အရပ်သားလေးဦးလည်း ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ပြီး ဘုန်ကြီးကျောင်းအပါအဝင် နေအိမ်အများအပြား ထပ်မံပျက်စီးဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။
 
လက်ရှိမှာ မိုးဗြဲမြို့အတွင်း စစ်ရေးအခြေအနေ တင်းမာနေမှုများကြောင့် မိုးဗြဲကိုဖြတ်သန်းသွားလာတဲ့ ခရီးသွားပြည်သူတွေနဲ့ စစ်ဘေးရှောင် ပြည်သူတွေအနေနဲ့ လုံခြုံရေးကို အထူးဂရုစိုက်ကြဖို့ လိုတယ်လို့ ကရင်နီတော်လှန်ရေးအင်အားစုတွေက ထုတ်ပြန်ထားပါတယ်။
 
ဧပြီလ ၂၆ ရက်ကလည်း မိုးဗြဲမြို့၊ ညောင်ဝိုင်းရပ်ကွက်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီရဲ့ တပ်မ ၆၆ လက်အောက်ခံတပ်ဖွဲ့ကို ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့၊ မိုးဗြဲ ပြည်သူ့ကာကွယ်ရေးတပ်၊ မြို့ပြတော်လှန်ရေးတပ်ဦးတို့က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဆယ်ဦး သေဆုံးကာ နှစ်ဦးကို ဖမ်ဆီးရမိခဲ့တယ်လို့ သိရပါတယ်။
 
အဲဒီတိုက်ပွဲမှာ ကရင်နီပူးပေါင်းတပ်ဖွဲ့တွေက လက်နက်ခဲယမ်းအများအပြားလည်း သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။ 
ဓာတ်ပုံ – မိုးဗြဲ PDF