မေ၊ ၂၈
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းမှာ စစ်ကောင်စီတပ်တွေက မေလ ၂၇ ရက် မနေ့က လက်နက်ကြီးပစ်ခတ်မှုကြောင့် သာယာဝတီကျေးရွာမှာ နေအိမ်တွင်းရေချိုးနေတဲ့ အသက်ငါးဆယ်အရွယ် အမျိုးသမီးတဦး သေဆုံးပြီး အရပ်သားခုနစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
” အဖွားကတော့ ရေချိုးနေတာ၊ ကလေးက အိမ်ရှေ့လမ်းပေါ်လေးမှာ ဆော့နေတာပေါ့၊ ကလေးလေးက မနေ့ကပဲ ပေါင်ရင်းက ဖြတ်ချလိုက်ရတယ် ၊အဖွားကတော့ ပွဲချင်းပြီးပဲ ဆုံးပါတယ် ” လို့ ကလေးအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက DNA ကိုပြောပါတယ်။
အဲဒီလိုပစ်ခတ်တာကြောင့် အိမ်ရှေ့မှာဆော့ကစားနေတဲ့ အသက်ခြောက်နှစ်အရွယ် ကလေးငယ်တဦးကလည်း ထိခိုက်ဒဏ်ရာရခဲ့အတွက် ပေါင်ကနေ ဖြတ်လိုက်ရတဲ့အပြင် ပေါက်ခုံရွာခံသုံးဦးနဲ့ သာယာကုန်းရွာခံသုံးဦး စုစုပေါင်းခုနစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
လက်နက်ကြီးကျည်ကြောင့် ခြေထောက်ဖြတ်ရတဲ့ ကလေးငယ်ဟာ သေဆုံးသူနဲ့ မြေးအဖွားတော်စပ်တယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။
စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် ထိခိုက်ဒါဏ်ရာရတဲ့ အရပ်သားတွေကိုတော့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ ဆေးတပ်ဖွဲ့ဝင်တွေက ဘေးလွတ်ရာမှာ ဆေးကုသမှုဆက်ပေးနေတယ်လို့ သိရပါတယ်။
ကလေးမြို့ နည်းပညာတက္ကသိုလ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်နဲ့ ဒေသကွပ်ကွဲမှုစစ်ဌာနချုပ် (ကလေး)တို့ကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာ နှစ်ရက်ရှိပြီလို့လည်း ဒေသခံတွေက ပြောကြပါတယ်။
” ခုထိလဲ ပစ်တုန်း၊ မနေ့ကတော့ နည်းပညာတက္ကသိုလ်က ထွက်လာတဲ့ စစ်ကြောင်းနဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)တွေ ရေလဲဦးနဲ့ ပေါက်ခုံနားမှာ တိုက်ပွဲဖြစ်တယ် ” လို့ ဒေသခံတဦးက ဆိုပါတယ်။
ကလေးမြို့နယ်တောင်ပိုင်းကို စစ်ကောင်စီတပ်တွေဟာ ပြီးခဲ့တဲ့ နှစ်ရက်လောက်ကစပြီး မြေပြင်စစ်ကြောင်းထိုးနေတဲ့အပြင် လေကြောင်းကပါ Mi 35 အမျိုးအစားရဟတ်ယာဉ်တွေနဲ့ ကင်းထောက်စောင့်ကြည့်နေတာတွေ ရှိနေတာကြောင့် တိုက်ပွဲအခြေအနေတွေ ပိုမိုပြင်းထန်လာဖို့ ရှိနေတယ်လို့လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေရဲ့ ပြောပြချက်အရ သိရပါတယ်။
” တိုက်ပွဲဧရိယာမှာက ရေလဲဦး၊ ပေါက်ခုံ တဝိုက်မှာဆိုတော့ အဲ့နှစ်ရွာက ရှောင်ကြပြီးပြီ၊ သာယာဝတီနဲ့ သာယာကုန်းကိုကတော့ မဆိုင်ပဲပစ်တာ၊ ခုထိတော့ အဲ့ရွာတွေက မရှောင်လည်း ရသေးတယ်၊ ကလေးတောင်ပိုင်းမှာက စစ်ကြောင်းကြောင့် တိုက်ပွဲမဖြစ်တာက အတော်ကြာနေပြီဗျ သူတို့လည်း စစ်ကြောင်းမထိုးဘူး၊ ထိုးလာရင်လည်း (နည်းပညာတက္ကသိုလ်) TU ကို လူလဲလာတာလောက်ပဲ ရှိတာ၊ အခုကတော့ မတူတော့ဘူး။ ကလေးတောင်ဖက်ပိုင်းကို လေကြောင်းသုံးပြီး နယ်မြေရှင်းမယ်လို့ သတင်းရထားတာက ကြာနေပြီ၊ မနေ့ကလည်း Mi35 နဲ့ လေးပတ်ဝဲသွားပေမယ့် Target အတိအကျမသိရလို့ ပစ်မသွားဘူး၊ အခုလည်း လက်နက်ကြီးပစ်နေပြီ ” လို့ ကလေးဒေသခံတဦးက DNA ကိုထပ်ပြောပါတယ်။
လက်ရှိမှာတော့ စစ်ကောင်စီတပ်တွေ လက်နက်ကြီးနဲ့ ပစ်ခတ်ပြီး စစ်ကြောင်းထိုးတာကြောင့်၊ ကလေးမြို့နဲ့ လေးမိုင်အကွာက ရေလဲဦး နဲ့ ပေါက်ခုံ ကျေးရွာနှစ်ရွာက အရပ်သားနှစ်ထောင်ဝန်းကျင်လောက် ဘေးလွတ်ရာကို တိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကြား ဧပြီလတွင်း တိုက်ပွဲတွေပြင်းထန်ခဲ့ပြီး ဒေသခံတွေအများအပြားဟာ ဘေးလွတ်ရာကို အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ရတယ်လို့ စစ်ရှောင်အရေး ကူညီသူတွေက ဆိုပါတယ်။
မကြာခင်မှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်လာဖို့ ရှိသလို အရင်ရှိနေတဲ့ စစ်ရှောင်ပြည်သူတသောင်းကျော်အပါအဝင် အခုထပ်မံတိမ်းရှောင်လာကြတဲ့ ကျေးရွာနှစ်ရွာက အရပ်သားနှစ်ထောင်ကျော်ဟာ အရေးပေါ်အကူအညီတွေ ဆက်လက်လိုအပ်နေဦးမယ်လို့လည်း ပြောကြားပါတယ်။
ဓာတ်ပုံ – CJ
ပုံစာ – စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းမှာ စစ်ကောင်စီတပ်တွေက မေလ ၂၇ ရက် မနေ့က လက်နက်ကြီးပစ်ခတ်မှုကြောင့် သာယာဝတီကျေးရွာက ခြောက်နှစ်အရွယ်ကလေးငယ်တဦး ဒဏ်ရာရပြီး ခြေထောက်ဖြတ်လိုက်ရပါတယ်။