ကျိုက်စကောအကျဉ်းထောင်က နိုင်ကျဥ်းတွေကို စစ်ကောင်စီတပ်က ထောင်ပြင်ခေါ်ထုတ် စစ်ဆေးရာက တဦးသေဆုံး

မေ၊ ၂၈
 
ပဲခူးတိုင်း၊ ဒိုက်ဦးမြို့နယ်၊ ကျိုက်စကော အကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို စစ်ကောင်စီတပ်က ထောင်အပြင်ခေါ်ထုတ်စစ်ဆေးရင်း တဦးသေဆုံးသွားတယ်လို့ ပဲခူးတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
 
” သူ (ကိုသန့်ဇင်ဝင်း) သေသွားပြီးလို့ပဲ ကျွန်တော်တို့ သတင်းပြန်ရတာပေါ့နော်။ ရုပ်အလောင်းတွေ ဘာညာတော့ မရသေးဘူး။ နောက်ပြီး သူနဲ့အတူ ခေါ်သွားတဲ့သူတွေ ဘယ်မှာထားတယ်၊ ဘာတွေဖြစ်နေတယ်ဆိုတာလည်း မသိရသေးဘူး ” လို့ ပဲခူး ပကဖ ကတာဝန်ရှိသူတဦးက ဆိုပါတယ်။
 
စစ်ကောင်စီတပ်သားတွေဟာ ဒီလ ၂၅ ရက်မှာ သေဆုံးသူ ကိုသန့်ဇင်ဝင်းနဲ့ အခြားနိုင်ငံရေးအကျဉ်းသား သုံးဦးကို အဲဒီအကျဉ်းထောင် အတွင်းကနေ ခေါ်ထုတ်သွားပြီးနောက် ၂၆ ရက်မှာ သေဆုံးသွားတဲ့အကြောင်းကို ခိုင်မာတဲ့သတင်းအရင်းအမြစ်က သိရတယ်လို့ ပဲခူးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မနေ့က ထုတ်ပြန်ထားပါတယ်။
 
နိုင်ငံရေးအကျဉ်းသားဖြစ်တဲ့ ကိုသန့်ဇင်ဝင်း သေဆုံးမှုကို စစ်ကောင်စီတပ်က မိသားစုထံ တစုံတရာအကြောင်းကြားခြင်း မရှိသလို ထောင်အာဏာပိုင်တွေထံ စုံစမ်းမေးမြန်းရာမှာလည်း ကိုသန့်ဇင်ဝင်း သေဆုံးခြင်းရှိ၊ မရှိကို တိကျတဲ့ အဖြေမပေးဘဲ ငြင်းဆိုခဲ့တယ်လို့ ဆိုပါတယ်။
 
အလားတူပဲ ကိုသန့်ဇင်ဝင်းနဲ့အတူ အကျဉ်းထောင်အတွင်းကနေ ခေါ်ထုတ်သွားခြင်းခံရတဲ့ နိုင်ငံရေးအကျဉ်းသား သုံးဦးရဲ့ သတင်းအစအနလည်း ပျောက်နေတယ်လို့ အဲဒီထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။
 
သေဆုံးသွားပြီဆိုတဲ့ ကိုသန့်ဇင်ဝင်းဟာ ပဲခူးမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က လေ့ကျင့်စုဆောင်းရေးတာဝန်ခံတဦးဖြစ်ပြီး ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၄ ရက်နေ့မှာ ပဲခူးမြို့နယ် ပကဖ က အခြားတာဝန်ခံများ၊ အဖွဲ့ဝင်တွေနဲ့အတူ ဖမ်းဆီးခြင်း ခံခဲ့ရတာပါ။
 
အဲဒီနောက် စစ်ကောင်စီက သူ့ကို အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၄၊ ၅၀၅၊ ၅၁၊ ၅၂ အပါအဝင် အခြားသောပုဒ်မတွေနဲ့ တရားစွဲဆိုပြီး ထောင်ဒဏ် နှစ် ၈၀ ကျော် ချမှတ်ထားသလို လက်ကျန်အမှုတွေကို ရင်ဆိုင်နေဆဲဖြစ်တယ်လို့ ဆိုပါတယ်။
 
ဒါ့အပြင် မနေ့က မေလ ၂၇ ရက်၊ နေ့ခင်းပိုင်းလောက်က ကျိုက်စကော အကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသားတွေကို စစ်ကြောရေးပို့မယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ စစ်တပ်က ထပ်မံခေါ်ဆောင်သွားခဲ့တဲ့အတွက် စုစုပေါင်း အယောက် နှစ်ဆယ်လောက် ခေါ်ထုတ်စစ်ဆေးခံနေရတယ်လို့ သိရပါတယ်။
 
” ပြစ်ဒဏ်ချခံပြီးသား အယောက်နှစ်ဆယ်လောက်ကို စစ်ကြောရေးပို့မယ်ဆိုပြီး စစ်ကားနဲ့ လာခေါ်ထုတ်သွားတယ်။ ဘယ်ကိုခေါ်သွားမှန်းလည်း မသိရဘူး။ ဘယ်ပို့မှန်းလည်း မသိရဘူး။ အဲ့ဒီလိုပဲ ရှေ့မှာလည်း တောင်ငူထောင်ဖြစ်စဉ်ပြီးတော့ ဒီအပတ်အတွင်း သုံံးယောက်ခေါ်ထုတ်တာလည်း ရှိတယ်။ သူတို့နဲ့လည်း ခုထိအဆက်သွယ်မရဘူး။ ဘယ်ခေါ်သွားတယ်ဆိုတာလည်း မသိရသေးဘူး ” လို့ သူကဆိုပါတယ်။
 
ဒါ့အပြင် မေလ ၂၁ ရက်ကလည်း မန္တလေးတိုင်း၊ မြင်းခြံထောင်က နိုင်ငံရေးအကျဉ်းသား ၁၂ ဦးကို စစ်ကောင်စီတပ်က သီးခြားခေါ်ထုတ်ပြီး ရိုက်နှက်စစ်ဆေးတာတွေ လုပ်ခဲ့လို့ အဲဒီထဲက နိုင်ငံရေးအကျဉ်းသားတစ်ယောက်ဟာ သေဆုံးသွားခဲ့တယ်လို့ ထောင်တွင်းနီးစပ်သူတွေက ဆိုကြပါတယ်။
 
စစ်ကောင်စီအာဏာသိမ်းချိန်ကနေ ၂၀၂၃ ခုနှစ်၊ ဧပြီလ ၃၀ ရက်အထိ သေဆုံးသူပေါင်း ၃၄၄၇ ဦးအနက် အကျဉ်းထောင်၊ စစ်ကြောရေး၊ ဘားတိုက် စတဲ့နေရာတွေမှာ သေဆုံးသူပေါင်း ၁၁၆၃ ဦးရှိပြီး သေဆုံးသူအားလုံးရဲ့ ၃၄ ရာခိုင်နှုန်းရှိတယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP က ထုတ်ပြန်ထားပါတယ်။
 
စစ်ကောင်စီတပ်ဟာ နိုင်ငံရေးအကျဉ်းသားတွေကို မူလကတည်းက ရန်သူသဖွယ်သတ်မှတ်ပြီး အညိုးတကြီးနဲ့ ဖိနှိပ်နေတာဖြစ်လို့ အဲဒီအပေါ်မှာ အပြင်းအထန်ရှုတ်ချတယ်လို့လည်း နိုင်ငံရေးအကျဥ်းသားဟောင်းများအဖွဲ့ ဦးဆောင်ကော်မတီဝင် ဦးထွန်းကြည်က ဆိုပါတယ်။
 
” ဒါတွေကို တာဝန်ခံရမှာက စစ်တပ်ဖြစ်တယ်။ အခုလိုနာကျင်မှုတွေ အသက်တွေသေတဲ့အထိဖြစ်လာတာကတော့ လက်ခံနိုင်စရာမရှိဘူး။ ဒါတွေကိုလည်း များများသိအောင် ပြောပေးဖို့လည်း လိုတယ်။ ဒါတွေက လူအခွင့်အရေးကို ငြင်းပယ်နေတယ် ” လို့  ဦးထွန်းကြည်က ပြောပါတယ်။ 
ဓာတ်ပုံ – Social Media