စဉ့်ကူးနယ်တိုက်ပွဲမှာ နေရာမှားဗုံးကြဲလို့စစ်ကောင်စီတပ်သားတွေ သေဆုံးမှုများတယ်လို့ဆို

မေ၊ ၂၇
 
မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ် အနောက်ခြမ်းက ကျေးရွာတွေကို စစ်ကြောင်းထိုးနေတဲ့ စစ်အုပ်စုနဲ့ ဒေသကာကွယ်ရေးအဖွဲ့တွေကြား တိုက်ပွဲတွေမှာ စစ်ကောင်စီက နေရာမှားဗုံးကြဲတာနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့တိုက်ခိုက်မှုတွေကြောင့် စစ်ကောင်စီဘက်က ထိခိုက်သေဆုံးသူများတယ်လို့ ဒေသအခြေစိုက် ကောင်းကင်တော်လှန်ရေးအင်အားစုက ဗိုလ်ကောင်းကင်က DNA ကိုပြောပါတယ်။
 
စဉ့်ကူးမြို့နယ် အနောက်ခြမ်းကျေးရွာတွေကို အခုလ ၂၁ ရက်ကစလို့ စစ်ကောင်စီက စစ်ကြောင်းထိုးနေတာဖြစ်ပြီး ပြီးခဲ့တဲ့ နှစ်ရက်အကြာ မေလ ၂၅ ရက်ကတော့ အဲ့ဒီစစ်ကြောင်းနဲ့ ဒေသခံတော်လှန်ရေးတပ်ဖွဲ့တွေ နှစ်ဘက်တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ သိရပါတယ်။
 
” သူတို့ကလည်း အသေခံပြီးတော့ကို တက်တဲ့သဘောပဲ၊ ကျွန်တော်တို့ဘက်ကလည်း ဘန်ကာကောင်းကောင်းယူပြီးတော့ ပစ်နိုင်ခဲ့တယ်၊ အဲဒီမှာ သူတို့စစ်ကြောင်းမှူးကျသွားတော့ ပထမတကြိမ် ဂျက်ဖိုက်တာနဲ့ လာကြဲတယ်၊ သုံးကြိမ်ကြဲတာပေါ့၊ ပထမအကြိမ်ကျဲတာတော့ သူတို့အပေါ်တည့်တည့် ကျတာပဲ၊ နောက်တကြိမ်ကျတော့ ကျွန်တော်တို့ဘက် ကြဲတယ်၊ ပထမကတည်းက ကျွန်တော်တို့တပ်ဖျောက်ထားတော့ ထိခိုက်မှုမရှိဘူး ” လို့ ဗိုလ်ကောင်းကင် က ပြောပါတယ်။
 
အဲ့ဒီတိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်က စစ်ကြောင်းမှူး ဗိုလ်မှူး လှိုင်ဘွားဆိုသူ သေဆုံးသွားသလို ထိခိုက်သေဆုံးသူတွေ များခဲ့ပြီး စဉ့်ကူးနယ်ထဲ စစ်ကြောင်းထိုးနေတဲ့ သီတင်းပတ်တခုအတွင်း စစ်ကောင်စီဘက်က စုစုပေါင်း (၅၀)ဝန်းကျင် သေဆုံးနိုင်တယ်လို့ သူကပြောပါတယ်။
 
တိုက်ပွဲတွေအတွင်း နှစ်ဘက် ထိခိုက်သေဆုံးမှုအခြေအနေတွေကို DNA က သီးခြားအတည်မပြုနိုင်သေးပါဘူး။
 
” သူတို့ဘက်က ကျသွားတဲ့သူတွေထဲ ဗိုလ်ကြီးလှိုင်ဘွားဆိုတာ ပါသွားတယ်၊ ကျွန်တော်တို့ မတ္တရာ၊ စဉ့်ကူးပတ်မွှေပြီး ဒုက္ခပေးနေတဲ့ကောင်ပေါ့၊ သူတို့က သေတဲ့ကောင်တွေကို လှည်းခုနှစ်စီးနဲ့ တိုက်သွားတာပေါ့၊ အဲဒီလှည်းသမားတွေဆီက သတင်းအတိအကျရတယ်၊ အလောင်းတွေသယ်ဖို့ လှည်းသမားတွေ ချောဆွဲလာတာ ” လို့ ဗိုလ် ကောင်းကင်က ပြောပါတယ်။
 
တိုက်ပွဲအတွင်း သေဆုံးသူတွေရဲ့ရုပ်အလောင်းတွေကို စစ်အုပ်စုစစ်ကြောင်း မနေ့က ကြက်တူရွေးရွာကို ရောက်ချိန်မှာ နေအိမ်တလုံးထဲထည့်ပြီး မီးရှို့ခဲ့တယ်လို့လည်း ဆိုပါတယ်။
 
လက်ရှိမှာ တိုက်ပွဲတွေကြောင့် စဉ့်ကူးနယ်ထဲက ရွှေဘယက်၊ ဝက်ပေါင်၊ ပေါက်ကုန်း၊ သဲအင်း၊ ကြက်တူရွေး၊ ရွာသာ၊ ဇီးကုန်း၊ မြစ်ကမ်းကြီး၊ ဟင်္သာမ၊ ကျွန်းကြီး၊ ကျွန်းတော် စတဲ့ကျေးရွာတွေက ဒေသခံတွေဟာ ဘေးလွတ်ရာနေရာတွေကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။
 
” အရင်ကတည်းက ဒီဘက်မှာ အခြေအနေမကောင်းလို့ မြို့ပေါ်ပြောင်းနေတဲ့သူတွေလည်း ရှိတယ်လေ၊ ဘယ်သူ့အိမ်တွေ မီးရှို့ခံထားရတယ်ဆိုတာတော့ သေချာမသိသေးဘူး၊ စစ်ကြောင်းတွေရှိနေသေးတော့ ပြန်လို့လည်း မရသေးဘူး ” လို့ ဒေသခံတဦးက ပြောပါတယ်။ 
ဓာတ်ပုံ – Wetlet Information Network
ပုံစာ – စဥ့်ကူးမြို့နယ် သဲအင်းရွာကို စစ်ကောင်စီက မီးရှို့နေစဥ်