ထားဝယ် ကံပေါက်ဒေသက အမျိုးသမီးတဦးကို စစ်တပ်က ထောင်ဆယ်နှစ်ချ

မေ၊​၂၇
 
တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကံပေါက်ဒေသက အသက် ၄၂ နှစ်အရွယ် မသက်သက်ဝင်းကို ထားဝယ်ခရိုင်တရားရုံးက အကြမ်းဖက်ပုဒ်မနဲ့ မေလ ၂၄ ရက်နေ့မှာ ထောင်ဒဏ် ၁၀ နှစ်ချမှတ်လိုက်တယ်လို့ မိသားစုဝင်တွေထံကနေ သိရပါတယ်။
 
ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၅ ရက်နေ့က ကံပေါက်ဒေသမှာ စစ်ကောင်စီခန့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတဦး ပစ်သတ်ခံရပြီးနောက် မသက်သက်ဝင်းနဲ့ ဆွေမျိုးတော်စပ်သူ အမျိုးသမီး ၅ ဦး အပါအဝင် အသက် ၂၀ နဲ့ ၇၀ အကြား ဒေသခံ ၂၃ ဦး ကိုစစ်ကောင်စီက ဖမ်းဆီးခဲ့ပါတယ်။
 
အဖမ်းခံရသူတွေကို ကံပေါက်ဒေသအခြေစိုက် မောရဝတီရေတပ်မှာ စစ်ဆေးခဲ့ပြီး မသက်သက်ဝင်း ကလွဲလို့ ကျန်တဲ့ ၂၂ ဦးကိုတော့ ပြန်လွှတ်ပေးခဲ့ပါတယ်။
 
မမီးသက် (ခ) မသက်သက်ဝင်း ကိုတော့ စစ်ကောင်စီက အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀ (ည)နဲ့ အခုလို ထောင်ဒဏ်ချမှတ်ခဲ့တာဖြစ်တယ်လို့လည်း နီးစပ်သူတွေက ဆိုပါတယ်။
 
” အမိန့်ချပြီးမှာတော့ ထောင်ဝင်စာ မတွေ့ဖြစ်သေးဘူး၊ အမှုရင်ဆိုင်နေတဲ့အချိန်တုန်းကတော့ တွေ့ဖြစ်တယ်။ အခုက ထားဝယ်ထောင်မှာပဲ၊ အမှုရင်ဆိုင်တုန်းကလည်း ရှေ့နေတော့မငှားဖြစ်ဘူး ” လို့ မသက်သက်ဝင်းနဲ့ ဆွေမျိုးတော်စပ်သူ အမျိုးသမီးတဦးက DNA ကို ပြောပါတယ်။
 
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ မသက်သက်ဝင်းကို ပြန်မလွှတ်ပေးဘဲ အကြမ်းဖက်မှုတိုက်ဖျက်ရေးပုဒ်မနဲ့ အခုလိုထောင်ဒဏ်ချမှတ်ခဲ့တဲ့ အကြောင်းအရင်းကိုတော့ Delta News Agency အနေနဲ့ သီးခြားအတည်ပြုနိုင်တာ မရှိပါဘူး။
 
ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်နေ့ကလည်း ထားဝယ်နည်းပညာတက္ကသိုလ် ကျောင်းသားတွေဖြစ်ကြတဲ့ ကိုမျိုးမင်းဦး နဲ့ ကိုအောင်ဝေယံထွန်းတို့ ၂ ဦးကို ထားဝယ်ခရိုင်တရားရုံးကနေ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀ (ည) နဲ့ ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်ခဲ့ပါသေးတယ်။
 
ပြည်တွင်းမှာ စစ်အာဏာသိမ်းပြီးချိန်ကစလို့ စစ်ကောင်စီက ဖမ်းဆီးခဲ့သူပေါင်း ၂၂၇၂၆ ဦးရှိခဲ့ပြီး လက်ရှိအချိန်ထိတော့ လူပေါင်း ၁၈၄၀၇ ကို စစ်ကောင်စီက ဆက်လက်ဖမ်းဆီးထားသလို အဲဒီထဲက ၆၁၀၆ ဦးကတော့ ထောင်ဒဏ်တွေ အသီးသီးချမှတ်ခံထားရပါတယ်။ 
ဓာတ်ပုံ – CJ