သပိတ်ကျင်းမှာ စစ်ရေးတင်းမာနေလို့ မန္တလေး-‌ဗန်းမော် ကားလမ်းကို ယာယီအသုံးမပြုဖို့ ပကဖ တားမြစ်

မေ၊ ၂၇
 
မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်အတွင်း စစ်အုပ်စုနဲ့ ဒေသကာကွယ်ရေးအဖွဲ့တွေကြား လတ်တလော စစ်ရေးတင်းမာနေတဲ့အတွက် မန္တလေး-‌ဗန်းမော် ကားလမ်းပိုင်းကို ခေတ္တပိတ်ထားမှာဖြစ်တယ်လို့ သပိတ်ကျင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူတဦးက DNA ကိုပြောပါတယ်။
 
” မန္တလေးတိုင်းထဲမှာ အထူးသဖြင့် သပိတ်ကျင်းမြို့နယ်မှာရှိတဲ့ လမ်းကြောင်းတွေပေါ့ဗျ၊ မန္တလေး-မိုးကုတ်တို့ မန္တလေး-ထီးချိုင့်ပေါ့၊ စစ်ကိုင်းတိုင်းနဲ့နီးစပ်နေတဲ့ အဲဒီကြောမှာ သူတို့က ကောင်းကောင်းအသုံးချပြီးတော့ ထောက်ပို့လုပ်တာတွေ ရိက္ခာပို့တာတွေကို ဒီလမ်းကြောင်းပဲသုံးနေတယ်၊ ဒီကောင်တွေရဲ့ လမ်းကြောင်းမှာ ကျွန်တော်တို့က လုပ်ငန်းလုပ်မှာဆိုတော့ ပြည်သူတွေက စကစယာဉ်တန်းနဲ့ မလိုက်ဖို့၊ အနီးကပ်ဆုံးမနေဖို့၊ စည်ကမ်းချက်တွေလိုက်နာဖို့ ထုတ်ပြန်တာပါ ” လို့ သူက​ပြောပါတယ်။
 
မန္တလေး-‌ဗန်းမော် ကားလမ်းအသုံးပြုနေကြသူတွေအနေနဲ့ သပိတ်ကျင်းမြို့နယ်အတွင်း ရောက်ရှိနေပါက ခေတ္တရပ်နားပေးကြဖို့အပါအဝင် စစ်ကောင်စီက အဲဒီကားလမ်းကြောပေါ်မှာတွေ့တဲ့ မော်တော်ယာဉ်တွေကို ချောဆွဲပြီး စစ်သုံးပစ္စည်းတွေအဖြစ် အသုံးပြုနေသလို ပြည်သူတွေကို ဓားစားခံအဖြစ် အသုံးချနေတယ်လို့ သပိတ်ကျင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဒီကနေ့ မနက်ပိုင်းက ထုတ်ပြန်ထားပါတယ်။
 
အဲဒီလမ်းပိုင်းတွေကို အသုံးပြုပြီး စစ်အုပ်စုက စစ်ကိုင်းတိုင်းအထက်ပိုင်းက တိုက်ပွဲဖြစ်နေတဲ့ ဒေသတွေကို စစ်လက်နက်တွေနဲ့ ရိက္ခာတွေကို သယ်ဆောင်နေတာလို့ ဒေသခံတချို့ကလည်း ဆိုကြပါတယ်။
 
” သူတို့ (စစ်အုပ်စု)က မထင်တဲ့နေရာကို ဝင်ပြီး ရွာသားတွေကို PDF တွေဘယ်မှာရှိလဲမေးပြီး လမ်းပြခိုင်းတာတွေ လုပ်လာနိုင်တယ်၊ အဲဒီလမ်းဘေးတွေက စက်ရုံတွေပိုင်တဲ့ ကားတွေကို သေနတ်ပြပြီး သူတို့ပစ္စည်းတွေ လိုက်ပို့ခိုင်းတယ် ” လို့ သူကပြောပါတယ်။
 
ဒါ့အပြင် စစ်ရေးအရှိန်မြှင့် တင်းမာနေဆဲကာလဖြစ်လို့ စစ်ကောင်စီက ပြည်သူတွေအသုံးပြုနေကြတဲ့ တွဲကား၊ ဖောကားတွေအပါအဝင် ယာဉ်ယန္တရားတွေကို ခရီးသွားအသွင်ယူပြီး သွားလာနေတယ်လို့ ဆိုပါတယ်။
 
ဒီလအစောပိုင်းကစပြီး စစ်အုပ်စုက သပိတ်ကျင်းမြို့နယ်ရှိ ကြာညှပ်နဲ့ တကောင်းတိုက်နယ် တွေဖက်မှာ စစ်ကြောင်းထိုးဝင်ရောက်တာတွေ လုပ်နေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
 
တဖက်မှာလည်း သပိတ်ကျင်းမြို့နယ်အတွင်းရှိ မန္တလေး-ထီးချိုင့်သွား ကားလမ်းပေါ်မှာ စစ်အုပ်စုယာဉ်တန်းတွေ မကြာခဏဆိုသလို မိုင်းဆွဲတိုက်ခိုက်ခံနေရတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။ 
ဓာတ်ပုံ – Singu & Tabeikkyin PDF