မေ၊ ၂၇
တောင်ကိုရီးယား နိုင်ငံက ပျံသန်းနေတဲ့ လေယာဉ်မှာ ခရီးသည် တဦးက တံခါး ဆွဲဖွင့်ခဲ့တာကြောင့် ရှုပ်ရှုပ်ထွေးထွေး အခြေအနေတွေ ဖြစ်ပေါ်ခဲ့ပါတယ်။
မေလ ၂၆ ရက် ဖြစ်စဉ်မှာ လေယာဉ် ကိုယ်ထည်ထဲကို လေတွေ အရှိန်နဲ့ တိုးဝင်လာပြီး ခရီးသည် ၁၂ ဦးလောက် အနည်းအကျဉ်း ဒဏ်ရာရခဲ့ပေမယ့် အဆုံးမှာတော့ လေယာဉ်ကို ဘေးကင်းကင်းနဲ့ ချောချောမောမော ဆင်းသက်နိုင်ခဲ့ကြောင်း သိရပါတယ်။
Asiana လေကြောင်းလိုင်းရဲ့ Airbus A321 အမျိုးအစား လေယာဉ်ပေါ်မှာ တံခါးဆွဲဖွင့်ဖို့ ကြိုးစားသူကို တခြား ခရီးသည်တွေက ဝိုင်းဝန်း တားဆီးဖို့ ကြိုးစားခဲ့ကြပါသေးတယ်။ ဒါပေမဲ့ အဲဒီ အမျိုးသားက လေယာဉ် တံခါးကို တစိတ်တပိုင်းလောက် ဖွင့်နိုင်ခဲ့တယ်လို့ တောင်ကိုရီးယား သယ်ယူပို့ဆောင်ရေး ဝန်ကြီးဌာနက ကြေညာပါတယ်။
အဲဒီ အမျိုးသားကို လေယာဉ် အရေးပေါ် ဆင်းသက်ပြီးတာနဲ့ လေဆိပ် ရဲတွေက ဖမ်းဆီးထားလိုက်ပြီး သူဟာ လေကြောင်း လုံခြုံရေး ဥပဒေတွေကို ချိုးဖောက်မှုနဲ့ တရားစွဲဆို ခံရမယ့် အလားအလာ ရှိနေပါတယ်။ အဲဒီ ဥပဒေမှာ ခရီးသည်တွေ အနေနဲ့ လေယာဉ် အထွက်တံခါး အပါအဝင် တခြား အန္တရာယ် ရှိနိုင်တဲ့ ပစ္စည်းတွေကို ကိုင်တွယ်ခွင့် ပိတ်ပင်ထားပြီး ချိုးဖောက်သူဟာ ထောင်ဒဏ် ၁၀ နှစ်ထိ ပြစ်ဒဏ်မျိုး ကျခံရနိုင်ပါတယ်။
လေယာဉ်ပေါ်မှာ ခရီးသည် ၁၉၄ ဦး လိုက်ပါခဲ့ပြီး ဂျယ်ဂျူကျွန်းကနေ နိုင်ငံ အရှေ့တောင်ပိုင်းမှာရှိတဲ့ ဒေဂူမြို့ဆီ ဦးတည် ပျံသန်းနေခဲ့တာပါ။ အခုဖြစ်ရပ်ဟာ ဒေဂူ လေဆိပ်နားကို ချဉ်းကပ်လာချိန် အမြင့်ပေ ၇၀၀ ဝန်းကျင်လောက်မှာ ကြုံတွေ့ခဲ့ရတာလို့ လေကြောင်းလိုင်းက ထုတ်ပြန်ပါတယ်။
လူမှုကွန်ရက် မီဒီယာတွေပေါ် ပျံ့နှံ့နေတဲ့ ဗီဒီယို တခုထဲမှာတော့ တချို့ ခရီးသည်တွေရဲ့ ဆံပင်တွေဟာ လေယာဉ်ကိုယ်ထည်ထဲ ဝင်လာတဲ့ လေတွေကြောင့် လွင့်နေတာကို တွေ့ရပါတယ်။ ခရီးသည်တွေထဲမှာတော့ ဆယ်ကျော်သက်အရွယ် အားကစားသမား တချို့လည်း ပါဝင်ပြီး တံခါးဆွဲဖွင့်သူကို ထိတ်လန့်တကြား အော်ဟစ် တားမြစ်ရင်း ဝိုင်းတားဆီးနေတာကို တွေ့ရပါတယ်။
လေယာဉ် ဆင်းသက်ပြီးချိန်မှာတော့ ခရီးသည် ၁၂ ဦးကို နီးစပ်ရာ ဆေးရုံတခုဆီ ပို့ဆောင်ပြီး ကုသပေးခဲ့ရပေမယ့် ဆိုးဆိုးရွားရွား ဒဏ်ရာရသူတော့ မရှိခဲ့ပါဘူး။ အားလုံးလိုလိုက အသက်ရှူရ နည်းနည်းခက်နေတာမျိုးနဲ့ တခြား အသေးစား ထိခိုက်မှု လက္ခဏာတွေ ပြသခဲ့ပေမယ့် မကြာခင် ပြန်ကောင်းမွန်သွားတယ်လို့ သိရပါတယ်။
Ref: AP