မဟနဥက္ကဌ ဗန်းမော်ဆရာတော်အရှင်ကုမာရာဘိဝံသ ပျံလွန်တော်မူ

မေ၊ ၂၆

နိုင်ငံတော်သံဃမဟာနာယက ဥက္ကဌဖြစ်သလို မန္တလေးမြို့က ဗန်းမော်ကျောင်းတိုက်ဆရာ တော်လည်း ဖြစ် တဲ့ ဒေါက်တာဘဒ္ဒန္တ အရှင်ကုမာရာဘိဝံသဟာ မနေ့ကညပိုင်းက မန္တလေးမြို့က ဗန်းမော်ကျောင်းတိုက်မှာပဲ ပျံလွန်တော်မူခဲ့တယ်လို့ ဒေသတွင်းရင်းမြစ်တွေဆီက သိရပါတယ်။

မန္တလေးမြို့က နာမည်ကျော် ကျောင်းတိုက်တခုဖြစ်တဲ့ ဗန်းမော်ကျောင်းတိုက်ရဲ့ နဝမမြောက် ဆရာတော်အဖြစ် လည်း ထင်ရှားတဲ့ မဟနဥက္ကဌဆရာတော်ဟာမဟာအောင်မြေမြို့ နယ် ၆၉ လမ်း နဲ့ ၄၁ လမ်းအနီး က ဗန်းမော် ကျောင်းတိုက်မှာ မနေ့ကည ၁၁ နာရီ ကျော်က ပျံလွန်တော်မူခဲ့တာလို့သိရပါတယ်။
ဆရာတော်ဟာ ၂၀၁၀ ပြည့်နှစ်က စလို့ ပျံလွန်တော်မူချိန်အထိ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ၊ နိုင်ငံတော်ဗဟိုသံဃာ့၀န်ဆောင်အဖွဲ့ဥက္ကဋ္ဌ၊ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်များ၏ အဓိပတိအဖြစ် တာ၀န်ယူခဲ့ပါတယ်။

ဆရာတော်ဟာ မန္တလေးတိုင်း၊မြင်းခြံခရိုင်၊တောင်သာမြို့နယ် ဇာတိဖြစ်ပြီး သက်တော်သုံးဆယ်ကျော်အရွယ် ကတည်းက ဗန်းမော်ကျောင်းတိုက်မှာ စတင်သီတင်းသုံးခဲ့ပြီးပျံလွန်တော်မူချိန် မှာ သက် တော် ၉၄ နှစ် ၊ ဝါတော် ၇၄ ဝါ ရှိပြီလို့ သိရပါတယ်။

အသည်းရောဂါနဲ့အစာပြွန်ရောဂါခံစားနေရတဲ့ ဆရာတော်ဟာ ပြီးခဲ့တဲ့မတ်လကနေဧပြီလအတွင်း ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ရက်ရှည်ဆေးကုသမှုခံယူခဲ့ပြီး ဧပြီလကုန်ပိုင်းလောက်က မြန်မာနိုင်ငံကိုပြန်လည်ကြွရောက်သီတင်းသုံးကာ ဆေးကုသမှုဆက်လက်ခံယူနေခဲ့တာပါ။

ဆရာတော်ရဲ့ ဈာပနအခမ်းအနားနဲ့ပက်သက်ပြီး နိုင်ငံတော်အဆင့်ဖြစ်တဲ့အတွက် သီးသန့်ထုတ်ပြန်မှာဖြစ်တယ်လို့ဗန်းမော်တိုက်နဲ့နီးစပ်သူတွေကပြောပါတယ်။

ဗန်းမော်ဆရာတော်ဟာ ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်း မဟန ဥက္ကဌတာဝန်ကနေ အနားယူဖို့ အကြိမ်ကြိမ် ကြိုး ပမ်းခဲ့ဖူးပေမယ့် သာသနာရေးဝန်ကြီးဌာနနဲ့ မဟနအဖွဲ့ဝင် သံဃာတော်တွေရဲ့ တောင်းဆိုချက်အရ ဥက္ကဌ တာ ဝန်ကို ဆက်လက်ထမ်းဆောင်ခဲ့ပါတယ်။