တိုက်ကြီးမြို့နယ်မှာ အလှမွေးငါးကန်ထဲကငါးတွေသေဆုံးရတာ ရေညစ်ညမ်းပြီးအောက်ဆီဂျင်ပျော်ဝင်မှုနည်းတာကြောင့်လို့ အဖြေထွက်လာ

 

 

မေ၊ ၂၅

ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ်၊ နိဗ္ဗာန်ချမ်းသာမင်္ဂလာအသင်းရဲ့ ငါးကန်ထဲက အလှမွေးငါးတွေ သေဆုံးခဲ့တာဟာ ရေညစ်ညမ်းပြီး အောက်ဆီဂျင်ပျော်ဝင်မှုနည်းလို့ ဖြစ်တာလို့ ငါးလုပ်ငန်းဦးစီးဌာန ဓာတ်ခွဲစမ်းသပ်မှုအဖြေအရ သိရပါတယ်။ 

တိုက်ကြီးမြို့နယ်ထဲက ဒေသခံတွေ အပန်းဖြေ အနားယူရာ နေရာတခုဖြစ်တဲ့ အဲဒီ ငါးကန်အတွင်းမှာ ပြီးခဲ့တဲ့ မေလ ၂၂ ရက်နေ့က အလှမွေး ရွှေငါးကြင်း သုံးသောင်းကျော် သေဆုံးမှုဖြစ်ခဲ့တာပါ။

အဲဒီလို သေဆုံးတာနဲ့ ပတ်သက်ပြီး အဆိပ်ခတ်ခံရတယ်လို့ သံသယတချို့ရှိခဲ့ပေမယ့် ကန်ထဲက ရေနမူနာနဲ့ ငါးအသေတချို့ကို ဓာတ်ခွဲခန်းပို့ပြီး စစ်ဆေးကြည့်ရာမှာတော့ အဆိပ်၊ ရောဂါတခုခုကြောင့် သေဆုံးတဲ့ လက္ခဏာ မတွေ့ရဘူးလို့ နိဗ္ဗာန်ချမ်းသာ မင်္ဂလာအသင်း အဖွဲ့ဝင်တဦးက ဆိုပါတယ်။

” ဓာတ်ခွဲခန်းအဖြေအရတော့ အဆိပ်ကြောင့်မဟုတ်ဘူးလို့ သိရတယ်၊။ငါးက လေး ငါးကောင်ပဲ မသေဘဲ ကျန်တော့တာ။ ငါးမွေးထားတာက ၇ နှစ်လောက်ရှိပြီ၊ ကန်က မီးသတ်ကားတွေအတွက်လည်း ရေသုံးနေရလို့ ရေလဲဖို့ကလည်း အဆင်မပြေဘူး၊ အဲကြောင့် တခါမှမလဲ ရေမလဲဖြစ်တာ။ ရေထဲမှာက ရေမှော်တွေ၊ ရေညှိတွေလည်း များတော့ အခုလိုဖြစ်သွားတာ” လို့ နိဗ္ဗာန်ချမ်းသာ မင်္ဂလာအသင်း အဖွဲ့ဝင်တဦးက DNA ကို ပြောပါတယ်။

ငါးလုပ်ငန်းဦးစီးဌာနရဲ့ ဓာတ်ခွဲနမူနာအဖြေမှာတော့ ရေအသွင်းအထုတ်  မလုပ်ပေးနိုင်တာ၊ ငါးအကောင်ရေတိုးလာလို့ ငါးကန်ကြပ်လာတာ၊ ငါးကန်အောက်ခြေမှာ စာအကြွင်းအကျန်တွေ များလာတာနဲ့ လတ်တလော ရာသီဥတု အတက်အကျရှိတာတွေကြောင့် အောက်စီဂျင်ပျော်ဝင်မှုနှုန်းကျပြီး သေဆုံးရတယ်လို့ ယူဆကြောင်း ရေးသားထားပါတယ်။

နှစ်ဧကခန့် ကျယ်ဝန်းတဲ့ အဲဒီ ငါးမွေးကန်မှာ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်ကတည်းက ရွှေငါးကြင်းတွေ စမွေးခဲ့တာဖြစ်ပြီး အရင်နှစ် အခုကာလကလည်း ငါးအကောင်ရေ ၃၀၀ ကျော် သေဆုံးခဲ့သေးတယ်လို့လည်း သိရပါတယ်။

photo CJ