မေ၊ ၂၅
ဆိုင်ကလုန်း မုန်တိုင်းဒဏ်သင့် ဒေသတွေဆီ အရေးပေါ် ထောက်ပံ့ရေး ပစ္စည်းတွေ ပို့ဆောင်နိုင်ဖို့အတွက် အသွားအလာ ကန့်သတ်မှုတွေကို ဖယ်ရှားပေးဖို့ အာဏာသိမ်း စစ်ခေါင်းဆောင်တွေကို ကုလသမဂ္ဂက တောင်းဆိုလိုက်ပါတယ်။
ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ဗော်လ်ကာ တက်ခ်က ဆိုင်ကလုန်း မိုခါဒဏ်ကို ပြင်းပြင်းထန်ထန် ခံစားခဲ့ရတဲ့ လူ့အဖွဲ့အစည်းတွေဆီ အရေးပေါ် ကူညီ ထောက်ပံ့မှုတွေ အမြန်ဆုံး ရောက်ရှိတာ သေချာစေဖို့ စစ်ကောင်စီ အနေနဲ့ အားထုတ် ကူညီပေးစေလိုတယ်လို့ ပြောပါတယ်။
မေ ၁၄ ရက်က မြန်မာနိုင်ငံ အနောက်ပိုင်း၊ ရခိုင်ပြည်နယ်ကို ကုန်းတွင်းဝင်ရောက် တိုက်ခတ်သွားခဲ့တဲ့ မိုခါကြောင့် မြန်မာမှာရော၊ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာပါ ထိခိုက်ပျက်စီးမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။
ထိခိုက်ပျက်စီးမှုတွေရော၊ သေဆုံးမှုတွေကပါ ကြိုတင် ခန့်မှန်း တွက်ချက်ပြီး ရှောင်လွှဲလို့ ရနိုင်တဲ့ အခြေအနေမှာ ရှိခဲ့ကြောင်း၊ လက်ရှိ ဖြစ်ပေါ်နေတဲ့ သေဆုံးမှုတွေဟာ လူ့အခွင့်အရေးဆိုင်ရာ စနစ်တကျ တားမြစ် ပိတ်ပင်မှုတွေနဲ့ ဆက်နွှယ်နေကြောင်း၊ စစ်တပ် အနေနဲ့ အသွားအလာ ကန့်သတ်ချက်တွေကို ဖယ်ရှားပြီး အရေးပေါ် အသက်ကယ် အကူအညီတွေကို မုန်တိုင်းဒဏ်သင့် ဒေသတွေဆီ ပို့ဆောင်ခွင့်ပြုဖို့ လိုကြောင်း တက်ခ်က ဆိုပါတယ်။
စစ်ကောင်စီက မုန်တိုင်းကြောင့် သေဆုံးသူ ၁၄၈ ဦး ရှိခဲ့ကြောင်း ထုတ်ပြန်ထားပြီး အများစုက ရခိုင်ပြည်နယ်မှာရှိတဲ့ ရိုဟင်ဂျာ ဒုက္ခသည် စခန်းတွေမှာ ခိုလှုံနေသူတွေလို့ ကြေညာထားပါတယ်။
ကုလသမဂ္ဂဟာ မြန်မာနိုင်ငံမှာ ဆိုင်ကလုန်း မုန်တိုင်းဒဏ်ကို အပြင်းထန်ဆုံး သက်ရောက် ခံစားခဲ့ရတဲ့ ဒေသတွေက လူပေါင်း ၁.၆ သန်းလောက်အတွက် အရေးပေါ် ထောက်ပံ့ရေး ရန်ပုံငွေ ဒေါ်လာ ၃၃၃ သန်း ရှာဖွေသွားမယ်လို့လည်း အခုသီတင်းပတ် အစောပိုင်းတုန်းက ထုတ်ပြန်ခဲ့ပါတယ်။