ကိုဗစ်ရောဂါ စွဲကပ်ခံရတဲ့ စင်ကာပူ ဝန်ကြီးချုပ်

မေ၊ ၂၃

စင်ကာပူ ဝန်ကြီးချုပ် လီရှန်လွန်းက သူဟာ ကိုဗစ်ရောဂါ စွဲကပ် ခံနေရကြောင်း အတည်ပြု ကြေညာခဲ့ပါတယ်။

 အာဖရိက ခရီးစဉ်ကနေ ပြန်လာပြီး နေထိုင်မကောင်းလို့ ဆေးစစ်ကြည့်တဲ့အခါ Positive အဖြေ ထွက်ခဲ့တယ်လို့ မေလ ၂၂ ရက်မှာ လီက Facebookပေါ် ရေးသားထားခဲ့ပါတယ်။ သူဟာ တောင်အာဖရိကနဲ့ ကင်ညာနိုင်ငံတွေဆီ အစိုးရ ခရီးစဉ် သွားရောက်ခဲ့တာပါ။

 သူ့ရဲ့ ဖျားနာမှုက သိပ်မဆိုးလှကြောင်း၊ ဒါပေမဲ့ ဆရာဝန်တွေရဲ့ အကြံပေးချက်အတိုင်း ရောဂါလက္ခဏာတွေ လုံး၀ ကင်းစင်သွားတဲ့ထိ တဦးတည်း သီးသန့်ခွဲခြား နေထိုင်သွားမှာဖြစ်ကြောင်း လီက ဆိုပါတယ်။

 ဒါ့အပြင် ဆရာဝန်တွေက သူ့အသက်အရွယ်ကြောင့် ကြိုတင် သတိထား တုံ့ပြန်မှု တခုအဖြစ် Paxlovid ဆေးဝါး အသုံးပြု ကုထုံးကို ခံယူစေဖို့လည်း ညွှန်ကြားခဲ့ကြောင်း လီက အတည်ပြုပါတယ်။ စင်ကာပူ ဝန်ကြီးချုပ်ဟာ အသက် ၇၁ နှစ် ရှိနေပါပြီ။

 လီဟာ ကိုဗစ်ကပ်ရောဂါ စတင်လာတဲ့ ကာလတလျှောက်လုံးမှာ ပထမဆုံးအကြိမ် ဆေးစစ်ရလဒ်အဖြေ Positive ထွက်ခဲ့တာလည်း ဖြစ်ပါတယ်။ သူဟာ နောက်ဆုံးအကြိမ် အားဖြည့်ကာကွယ်ဆေး (Booster)ကို နိုဝင်ဘာလက ထိုးနှံထားတာပါ။

 ကာကွယ်ဆေးရဲ့ အာနိသင်က အချိန်ကြာလာတာနဲ့အမျှ လျော့ပါးလာတာကြောင့် သင့်တော်တဲ့ ကာလတခုထိ ကြာမြင့်ပြီးရင် Booster မပျက်မကွက် ပြန်ထိုးကြဖို့လည်း လီက တိုက်တွန်းခဲ့ပါတယ်။

 သူဟာ အရှေ့တောင်အာရှ ဒေသထဲက စီးပွားရေး ဖွံ့ဖြိုးတိုးတက်တဲ့ မြို့ပြနိုင်ငံလေးရဲ့ ဝန်ကြီးချုပ်အဖြစ် ၂၀၀၄ ခုနှစ် ကတည်းက တာဝန်ယူနေခဲ့တာ ဖြစ်ပါတယ်။

 စင်ကာပူဟာ နှစ်ဆန်းပိုင်းမှာ ကိုဗစ်ကူးစက်မှု လှိုင်းအသစ်ရဲ့ဒဏ်ကို ခံခဲ့ရပေမယ့် ဧပြီလကုန် နောက်ပိုင်းမှာ ကူးစက်နှုန်းက အကျပိုင်းဆီ ပြန်ဦးတည်နေကြောင်း ကျန်းမာရေး ဝန်ကြီးဌာန ထုတ်ပြန်ချက်တွေအရ သိရပါတယ်။