ပုလဲမှာ မုန်တိုင်းကြောင့်ပျက်စီးခဲ့တဲ့ တံတားငယ်တွေကို ပကဖ ပြန်လည်တည်ဆောက်ပေး

မေ၊ ၂၂
 
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်မှာ မိုခါမုန်တိုင်းကြောင့် ပျက်စီးခဲ့တဲ့တံတားတွေကို မတ်လ ၁၇ ရက်ကနေစတင်ပြီး ထန်းလုံးတံတားငယ်တွေ အစားထိုးပြန်လည်တည်ဆောက်ခဲ့ကြတယ်လို့ NUG အစိုးရလက်အောက်ခံ၊ ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ပြောပါတယ်။
 
“ တံတားပြန်လည်တည်ဆောက်ရာမှာ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပကဖ)တွေ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေနဲ့ PDF တပ်ရင်းတပ်ဖွဲ့တွေက ပြည်သူတွေအရေးပေါ်သွားလာနိုင်ဖို့ ထန်းလုံးတံတားငယ်တွေ အစားထိုးခင်းပြီး ဆောက်လုပ်‌ပေးနေကြတယ် ” လို့ ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ က ကိုဇော်ထက်က DNA ကိုပြောပါတယ်။
 
မတ်လ ၁၇ ရက်နေ့ကနေစတင်ပြီး ဒီကနေ့အချိန်အထိ တံတားငယ်သုံးစင်း ပြန်လည်တည်ဆောက်ပေးထားပြီး နောက်ထပ်တံတားငယ်ဆယ်စင်း ထပ်မံတည်ဆောက်ဖို့ရှိတယ်လို့လည်း သူကပြောပါတယ်။
 
“ တံတားတစင်းကုန်ကျစရိတ်က သုံးလေးသိန်းကုန်ကျတာရှိသလို ခြောက်သိန်းလောက်ကုန်ကျတာတွေလည်း ရှိတယ် “ လို့ သူကဆိုပါတယ်။
 
ပုလဲမြို့နယ်တွင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်တွေက နယ်မြေစိုးမိုးမှုရှိတာကြောင့် မုန်တိုင်းကြောင့်ကျိုးသွားခဲ့တဲ့ တံတားငယ်တွေကို ချက်ချင်းအစားထိုး ပြန်လည်တည်ဆောက်နိုင်တာဖြစ်တယ်လို့ သူကထပ်ပြောပါတယ်။
 
မိုခါမုန်တိုင်းကြောင့် ပုလဲမြို့နယ်အတွင်းမှာ ချင်ပြစ်ဆည်ကနေ ပုလဲမြို့နယ်အတွင်း ရေပေးဝေတဲ့ လက်ယာဆည်မြောင်းနှစ်ခုလုံး နေရာအတော်များများကျိူးကာ ပျက်စီးခဲ့ပါတယ်။ ဒါကြောင့် ပုလဲမြို့နယ်အတွင်းက ဆည်ရေသောက်တောင်သူတွေအတွက် အရေးပါတဲ့ တံတားဆယ်စင်းထက်မနည်း ပျက်စီးဆုံးရှုံးခဲ့တယ်လို့လည်း ပုလဲမြို့နယ်က ဒေသသခံတဦးက ပြောပါတယ်။
 
တံတားတည်ဆောက်ရာမှာ ကုန်ကျတဲ့ ကုန်ကျစရိတ်တွေကို တံတားပျက်တဲ့နေရာက ရပ်ကျေးအဖွဲ့တွေ၊ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေ၊ ပုလဲခရိုင်တပ်ရင်း ၁ နဲ့ ကျောင်းသားတပ်တွေက ပူးပေါင်းလုပ်ဆောင်တာဖြစ်တယ်လို့လည်း သိရပါတယ်။
 
စစ်ကောင်စီရဲ့ မေလ ၁၉ ရက်ထုတ်မြန်မာ့အလင်းသတင်းစာမှာတော့ စစ်ကိုင်းတိုင်းအတွင်းမှာ ကျေးရွာ၂၃ ရွာက လူနေအိမ်သုံးလုံးနဲ့ ဆက်သွယ်ရေးတာဝါတိုင်ခြောက်တိုင်၊ ဓာတ်မီးတိုင်နှစ်တိုင်၊ ထရန်စဖော်မာတလုံး၊ အုတ်တံတိုင်း၂၆ ခုနဲ့ တံတားသုံးစင်းပျက်စီးတယ်လို့ ဖော်ပြထားပါတယ်။
 
အမျိုးသားညီညွတ်ရေးအစိုးရ NUG ကတော့ စစ်ကိုင်းတိုင်းအတွင်းက မြို့နယ် ၁၃ မြို့နယ်မှာ နေအိမ် ၄၉ လုံးပျက်စီးခဲ့ပြီး စိုက်ပျိုးသီးနှံတွေ ရေလွှမ်းပျက်စီးတာနဲ့ ကျွဲနွားသေဆုံးတာတွေရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
 
ဒါပေမယ့်တကယ့်မြေပြင်မှာ ဒီထက်ဆုံးရှုံးမှုများတယ်လို့ ဒေသခံတွေနဲ့ ကူညီရေးအဖွဲ့တွေက ဆိုပါတယ်။ 
ဓာတ်ပုံ – Ko Zaw Htet