ပရီးမီးယားလိဂ် ချန်ပီယံဆုဖလားကို မန်ချက်စတာစီးတီး လက်ခံယူ

မေ၊ ၂၂

မန်ချက်စတာ စီးတီး အသင်းဟာ အင်္ဂလန် ပရီးမီးယားလိဂ် အမှတ်ပေး ချန်ပီယံဆုကို ဆွတ်ခူးခဲ့တဲ့နောက် ဆုဖလားကြီးကို အိမ်ကွင်း အစ်တီဟတ်မှာ လက်ခံယူခဲ့ပါတယ်။

မေလ ၂၁ ရက် ညပိုင်းက ချဲလ်ဆီးနဲ့ ယှဉ်ပြိုင်တဲ့ ပွဲစဉ်မှာ စီးတီးက ၁-၀ နဲ့ အနိုင်ရခဲ့ပြီးနောက် ဆုဖလားကို အခမ်းအနားနဲ့ ရယူခဲ့တာ ဖြစ်ပါတယ်။ ဒီပွဲ မတိုင်ခင် အမှတ်ပေးဇယား ဒုတိယ နေရာက အာဆင်နယ် ရှုံးပွဲတွေ့ခဲ့တာကြောင့် စီးတီးဟာ ဘယ်လိုရလဒ် ထွက်ထွက် ဗိုလ်စွဲဖို့ သေချာနေခဲ့ပြီး ဖြစ်ပါတယ်။ ဒါကြောင့်လည်း အရန်ကစားသမား တော်တော်များများကို မန်နေဂျာ ပက်ပ် ဂွာဒီယိုလာက ပွဲထုတ် အသုံးပြုသွားတာလည်း တွေ့ရပါတယ်။

တိုက်စစ်မှူး ဂျူလီယန် အယ်လ်ဗာရက်ဇ်ရဲ့ တလုံးတည်းသော ဂိုးနဲ့ အနိုင်ယူခဲ့တဲ့နောက် စီးတီးဟာ ၃ ရာသီဆက်တိုက် ပရီးမီးယားလိဂ် ချန်ပီယံ ဆုဖလားကို လက်ခံယူခဲ့ပါတယ်။ အသင်းမန်နေဂျာ ဂွာဒီယိုလာကလည်း ပရီးမီးယားလိဂ် သမိုင်းမှာ ဆာအဲလက်စ် ဖာဂူဆန်နောက်ပိုင်း ချန်ပီယံဆု ၃ ကြိမ် ဆက်တိုက် ဆွတ်ခူးနိုင်တဲ့ ဒုတိယမြောက် မန်နေဂျာ ဖြစ်လာခဲ့ပါတယ်။ ဂွာဒီယိုလာဟာ စီးတီးကို တာဝန်ယူ ကိုင်တွယ်နေချိန် နောက်ဆုံး ၆ နှစ်အတွင်း အမှတ်ပေး ချန်ပီယံ ၅ ကြိမ်ဖြစ်အောင် စွမ်းဆောင်ပြထားခဲ့ပါတယ်။

စီးတီးဟာ ပရီးမီးယားလိဂ် ပွဲစဉ် ၂ ခု ကစားဖို့ ကျန်သေးပေမယ့် ဘာဖိစီးမှုမှ မရှိတော့ဘဲ မန်ချက်စတာ ယူနိုက်တက်နဲ့ ယှဉ်ပြိုင်မယ့် အက်ဖ်အေ ရှုံးထွက်ဖလား ဗိုလ်လုပွဲ၊ အင်တာမီလန်နဲ့ ယှဉ်ပြိုင်မယ့် ဥရောပ ချန်ပီယံလိဂ် ဗိုလ်လုပွဲတွေကို အပြည့်အဝ အာရုံစိုက်သွားနိုင်တော့မှာပါ။ စီးတီးဟာ တရာသီအတွင်း အဓိက ဆုဖလားကြီး ၃ လုံး သိမ်းကြုံးဆွတ်ခူးဖို့လည်း လက်တွေ့ကျကျ ရည်မှန်းချက် ထားနေပါတယ်။

တကယ်လို့ အဲဒီ ဗိုလ်လုပွဲတွေမှာသာ စီးတီး အနိုင်ရခဲ့မယ်ဆိုရင် မြို့ခံပြိုင်ဘက် ယူနိုက်တက်တို့ ၁၉၉၉ ခုနှစ်တုန်းက စွမ်းဆောင်ပြခဲ့ဖူးတဲ့ The Trebleလို့ ညွှန်းဆိုတဲ့ ဖလား ၃ လုံး တရာသီတည်း ဆွတ်ခူးမှု မှတ်တမ်းကို အမီလိုက်နိုင်မှာ ဖြစ်ပါတယ်။

စီးတီးဟာ ဘောလုံးရာသီ တလျှောက်လုံးနီးပါး အမှတ်ပေးဇယား ထိပ်ဆုံးနေရာနဲ့ ကင်းကွာနေရာက ရာသီကုန်ခါနီးမှာ ဦးဆောင်သူ အာဆင်နယ်ရဲ့ ဆက်တိုက် ခြေချော်မှုတွေကို အခွင့်ကောင်းယူပြီး ချန်ပီယံဆုကို ဆက်ထိန်းနိုင်ခဲ့တာ ဖြစ်ပါတယ်။

 

Ref: Daily Mail