မုန်တိုင်းကြောင့် မင်းတပ်မြို့နယ်က နေအိမ်ခြောက်ရာ၊ စပါးကျီတရာ့ငါးဆယ်ကျော်ပျက်စီး

မေ၊ ၂၀
 
မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်အတွင်း ကျေးရွာပေါင်း ၂၄ ရွာက စပါးကျီပေါင်း ၁၅၀ ကျော် ထိခိုက်ပျက်စီးပြီး တောင်ယာခင်းတွေလည်း ပျက်စီးဆုံးရှုံးမှုများလို့ ဒေသခံပြည်သူတွေ ရိက္ခာလိုအပ်ချက်တိုးလာတယ်လို့ မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူ ကိုယောမာန်က DNA ကို ပြောပါတယ်။
 
“ စပါးကျီပေါင်း ၁၅၀ ကို အကြမ်းဖျင်းအားဖြင့် မိသားစုပေါင်း ၁၅၀ ရဲ့ တနှစ်စာရိက္ခာလို့ နားလည်လို့ ရတယ်ခင်ဗျ၊ ဒါက စပါးကျီတခုထဲကိုပဲ ထည့်တွက်ထားတာပါ၊ တခြားဟာတွေ မတွက်သေးဘူး၊ တချို့စပါးကျီတွေက စုပေါင်းစပါးကျီတွေလည်း ဖြစ်နိုင်သေးတာကိုး၊ မိသားစုတစုရဲ့ စပါးကျီပဲမဟုတ်ဘဲနဲ့လေနော်၊ ဒီလိုအခြေအနေမှာ မုတ်သုန်ကလည်း လာတော့မှာကိုး၊ ဆောင်းနဲ့ နွေဆိုရင် သွားလာလို့ရလို့ သူတို့ရှာဖွေထားတာ၊ ပဲသီးနှံတွေ၊ ဝါးဥတွေ ရောင်းချပြီးတော့မှ ဆန်တွေ ပြန်ဝယ်ရတယ် ” လို့ သူက ပြောပါတယ်။
 
မင်းတပ်မြို့နယ်အတွင်းမှာ စစ်ကောင်စီက ဆက်သွယ်ရေးဖြတ်တောက်ထားမှု၊ လမ်းပန်းဆက် သွယ်ရေးခက်ခဲမှုတွေကြောင့် ပျက်စီးဆုံးရှုံးမှုတွေကို မြေပြင်ကွင်းဆင်းပြီး ကောက်ယူနေရဆဲဖြစ်ကာ လက်ရှိစာရင်းတွေအရ ဒေသခံသုံးထောင်ကျော်ကို ပိုမိုအခက်တွေ့စေတယ်လို့ ကိုယောမန်က ပြောပါတယ်။
 
မုန်တိုင်းကြောင့်ပျက်စီးမှုတွေကို မနေ့ကအထိ ကောက်ယူထားတဲ့ စာရင်းတွေအရ မင်းတပ်မြို့နယ်အတွင်း ကျေးရွာပေါင်း ၂၄ ရွာက နေအိမ်အလုံးပေါင်း ၆၀၀ နီးပါး၊ အစိုးရအဆောက်အဦ ၉၄ လုံး၊ ဘာသာရေးအဆောက်အဦ ၂၃ လုံး၊ စပါးကျီပေါင်း ၁၅၃ လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ပြောပါတယ်။ ဒါ့အပြင်အိမ်မွေးကျွဲ၊ နွား၊ တိရစ္ဆာန်တွေ (၁၃) ကောင်လည်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။
မင်းတပ်မြို့နယ်၊ မကွီအိမ်နူးမြို့၊ (၄)ရပ်ကွက်မှာ ၂၀ လုံး၊ တိုက်နယ် (၁၁)ထဲက ခုလှူးကျေးရွာမှာ ၂၂ လုံး၊ တိုက်နယ် (၁၀) ထဲက မအောင်းကျေးရွာမှာ ၁၆ လုံး၊ တိုက်နယ် (၁၃)ထဲက အထက်ချိုင်ကျေးရွာမှာ ၁၃ လုံးနဲ့ အများဆုံးထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
 
“ အခုလည်း စားဝတ်နေရေးအဓိကပေါ့၊ မိုးတွင်းရိက္ခာပေါ့နော်၊ အခုက မိုးတွင်းရိက္ခာပါ ခက်ခဲတဲ့အပြင် သိမ်းဆည်းထားတဲ့ ရိက္ခာတွေပါ ပျက်စီးသွားတယ်ဆိုတော့ ဒီ ဇွန်၊ ဇူလိုင်၊ ဩဂုတ်မှာ သူတို့ကို အကူအညီမပေးနိုင်ဘူးဆိုရင် နဂိုအခက်အခဲထက် အများကြီး ပိုခက်ခဲသွားမယ် ” လို့ မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူ ကိုယောမာန်က ပြောပါတယ်။
 
မင်းတပ်မြို့နယ်မှာ အရေးပေါ် အဖြစ် ဆန်နဲ့ စားနပ်ရိက္ခာတွေ လိုအပ်နေပြီး ကားလမ်း၊ မြေသားလမ်းတွေ ပြိုကျပျက်စီးမှုကိုလည်း ပြန်လည်ပြုပြင်ဖို့ လိုအပ်နေကာ လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုကြောင့် ဆေးဝါးနဲ့ ကုန်စည်တွေလည်း သယ်ယူဖို့ ခက်ခဲနေတယ်လို့ သိရပါတယ်။ 
ဓာတ်ပုံ – မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့

 

smart