တန်ဖိုးအမြင့်ဆုံး ငွေစက္ကူတွေကို ပြန်သိမ်းဆည်းမယ်လို့ အိန္ဒိယကြေညာ

မေ၊ ၂၀

 

တန်ဖိုးအကြီးဆုံးအဖြစ် ရိုက်နှိပ်ထားတဲ့ ငွေစက္ကူတွေကို ပြန်လည် သိမ်းဆည်းသွားမယ်လို့ အိန္ဒိယ အရန်ငွေကြေးဘဏ် (RBI)က အတည်ပြု ကြေညာလိုက်ပါတယ်။

ရွေးကောက်ပွဲ နီးကပ်လာတဲ့ အချိန်မှာ အတော်လေး လှုပ်လှုပ်ခတ်ခတ် ဖြစ်စေမယ့် အပြောင်းအလဲ တခုကို အိန္ဒိယ အစိုးရက လုပ်ဆောင်လိုက်တာလည်း ဖြစ်ပါတယ်။ လက်ရှိ အသုံးပြုနေတဲ့ ရူပီး ၂၀၀၀ တန် ငွေစက္ကူတွေကို ဘဏ်တွေမှာ ပြန်လည် အပ်နှံ လဲလှယ်နိုင်ပြီး ဒီအစီအစဉ်ကို စက်တင်ဘာ ၃၀ ထိ ခွင့်ပြုပေးသွားမယ်လို့ RBIက ကြေညာပါတယ်။

ဘဏ်ထဲ ပြန်လည်အပ်နှံတဲ့ ငွေစက္ကူတွေကိုတော့ စျေးကွက်ထဲ ပြန်ဖြန့်တော့မှာ မဟုတ်ပါဘူး။ ရူပီး ၂၀၀၀ တန်တွေဟာ အိန္ဒိယရဲ့ တန်ဖိုးအမြင့်ဆုံး ငွေစက္ကူတွေဖြစ်ပြီး ၂၄ ဒေါ်လာ ဝန်းကျင်လောက်နဲ့ တန်ဖိုး ညီမျှပါတယ်။

ရူပီး ၂၀၀၀ တန်တွေဟာ အိန္ဒိယ ငွေကြေးစျေးကွက်မှာ ဖြန့်ကျက်သုံးစွဲနေတဲ့ ငွေကြေး ပမာဏ အားလုံးရဲ့ ၁၁ ရာခိုင်နှုန်းလောက်ထိ များပြားနေပါတယ်။ ဒါပေမဲ့ ငွေစက္ကူ တန်ဖိုး သတ်မှတ်ချက်ဆိုင်ရာ မူဝါဒ အပြောင်းအလဲအရ အခုလို စီမံခဲ့တာလို့ RBIက ဆိုပါတယ်။ ဘဏ်မှာ လဲလှယ်ခွင့်ပြုတဲ့ နောက်ဆုံး သတ်မှတ်ရက် ကျော်လွန်သွားရင် ဘာတွေ ဆက်ဖြစ်မယ် ဆိုတာကို အတိအကျ မသိရသေးပေမယ့် အဲဒီငွေကြေးတွေကို အသစ်ထပ်မံ မရိုက်နှိပ်တော့တာသာ ဖြစ်ပြီး တရားဝင် သုံးစွဲခွင့် ရှိနေဦးမယ်လို့ ပြောထားပါတယ်။

ဘဏ်တွေမှာ ငွေပြန်လဲရင်လည်း အထူးသတ်မှတ် ကင်းလွတ်ခွင့်နဲ့ မဟုတ်ရင် လူတဦးကို တကြိမ်မှာ ရူပီး ၂၀၀၀၀ ဖိုးသာ ငွေလဲနိုင်ဦးမယ်လို့ ဆိုပါတယ်။ အခုလုပ်ရပ်ဟာ ၂၀၁၆ ရွေးကောက်ပွဲ မတိုင်ခင်တုန်းက ဝန်ကြီးချုပ် နာရန်ဒရာ မိုဒီက ငွေကြေးယူနစ်တချို့ ရုပ်သိမ်းခဲ့မှုကို ပြန်လည် အမှတ်ရစေပါတယ်။ ဒီလုပ်ရပ်ဟာ နိုင်ငံရေး ပြိုင်ဘက်တွေကို ငွေရေးကြေးရေး အကျပ်အတည်း ကြုံသွားအောင် ရည်ရွယ်ချက်ရှိရှိ ကြံစည်မှုလို့ စွပ်စွဲ ခံခဲ့ရပါတယ်။ အခုလည်း ငွေကြေး စျေးကွက်ထဲမှာ အသုံးတွင်ကျယ်နေတဲ့ ရူပီး ၂၀၀၀ တန်တွေကို ပြန်လည် သိမ်းဆည်းဖို့ စီစဉ်လာပြန်တာ ဖြစ်ပါတယ်။

 

Ref: Bloomberg