မေ၊ ၁၉
မဟာမိတ် နိုင်ငံတွေကသာ ဆန္ဒရှိရင် အမေရိကန်လုပ် F-16 တိုက်လေယာဉ်တွေကို ယူကရိန်းဆီ လက်လွှဲပေးဖို့ ခွင့်ပြုမယ့် သဘောမျိုး အမေရိကန်က မီးစိမ်းပြလိုက်ပါတယ်။
အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က ယူကရိန်း စစ်တပ်အနေနဲ့ F-16 တိုက်လေယာဉ်တွေကို တကျီကျီ တောင်းဆိုနေတာဟာ လက်တွေ့မကျဘူးလို့ မှတ်ချက်ပေးပြီး အမေရိကန်က ယူကရိန်းဆီ တိုက်လေယာဉ်တွေ တိုက်ရိုက် ထောက်ပံ့မှာ မဟုတ်ဘူးလို့ ပြောထားပြီးသားပါ။ ဒါပေမဲ့ အခုအခါမှာတော့ F-16တွေ ဝယ်ယူထားတဲ့ တခြား အနောက်မဟာမိတ် ဥရောပ နိုင်ငံတွေက ယူကရိန်းဆီ ကိုယ့်သဘောနဲ့ကိုယ် လေယာဉ်တွေ ပေးပို့ရင် ကြားဝင်ဟန့်တားမှာ မဟုတ်တဲ့ သဘောမျိုး အမေရိကန်က မှတ်ချက် ပေးလားခဲ့ပါတယ်။
အမေရိကန် အစိုးရဟာ မဟာမိတ်တွေ ယူကရိန်းဆီ F-16တွေ ပို့ဆောင်ခွင့် ပြုမပြု တိတိကျကျ ဆုံးဖြတ်ဖို့ အပြင်းအထန် ဖိအားပေးမှုတွေလည်း ကြုံနေရပါတယ်။ အမေရိကန် အစိုးရ အရာရှိ တချို့က အဲဒီလို တိုက်လေယာဉ်တွေ လက်လွှဲပေးမယ့် ကိစ္စအတွက် တရားဝင် အဆိုပြု ဆွေးနွေးတာတွေ မရှိသေးပေမယ့် ကြားဝင်ဟန့်တားရမယ့် အခြေအနေလည်း သိပ်မမြင်ဘူးလို့ ဆိုပါတယ်။
ပုံမှန်အခြေအနေမှာတော့ အမေရိကန်ဟာ စစ်ရေးနည်းပညာတွေနဲ့ ပတ်သက်ရင် အရမ်း ထိလွယ်ရှလွယ် သဘောထားပြီး မဟာမိတ် နိုင်ငံတွေဆီ ရောင်းထားတဲ့ စစ်လက်နက်တွေကို တတိယ နိုင်ငံတခုဆီ လွှဲပေးဖို့ ခွင့်ပြုလေ့ မရှိပါဘူး။
အတည်မပြုနိုင်တဲ့ သတင်းတွေအရ အမေရိကန်ဟာ F-16တွေ ယူကရိန်းဆီ တဆင့်လက်လွှဲမှုကို ခွင့်ပြုပေးဖြစ်ခဲ့မယ်ဆိုရင် ယူကရိန်း လေယာဉ်မှူးတွေကို လေ့ကျင့်ပေးမယ့် ကိစ္စအတွက်ပါ ကူညီသွားဖွယ် ရှိနေတယ်လို့ သိရပါတယ်။
အမေရိကန် စစ်ရေးသုတေသီတွေက F-16တွေဟာ ယူကရိန်း စစ်ပွဲအနေအထားနဲ့ မကိုက်ညီသလို ရုရှားရဲ့ လေကြောင်း ကာကွယ်ရေး ကွန်ရက်တွေကို ထိုးဖောက်ဖို့ ခက်လိမ့်မယ်လို့ သုံးသပ်ထားကြပေမယ့် ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးကတော့ F-16တွေ ရရှိနိုင်ရေးကို ပိုပြီး အားသွန်ခွန်စိုက် စည်းရုံး တောင်းဆိုလာပါတယ်။
F-16တွေဟာ ယူကရိန်းလေတပ်မှာ လက်ရှိ ပိုင်ဆိုင်ထားသမျှ တိုက်လေယာဉ် အားလုံးထက် နည်းပညာ သာလွန်ပြီး ရုရှားရဲ့ ကျူးကျော်စစ်ကို တွန်းလှန်ရာမှာ အရမ်းအစွမ်းထက်တဲ့ အားဖြည့်မှုတွေ ဖြစ်လာမယ်လို့ ဇီလန်စကီးက ပြောကြားထားပါတယ်။
တချို့ အမေရိကန် လွှတ်တော် အမတ်တွေကလည်း ယူကရိန်းဆီ F-16တွေ ထောက်ပံ့ဖို့ ဘိုင်ဒန်ကို ဖိအားပေး တောင်းဆိုတာတွေ ရှိနေပြီး ပိုမိုခေတ်မီတဲ့ တိုက်လေယာဉ်တွေနဲ့ဆိုရင် ယူကရိန်းလေတပ်ဟာ ရုရှား တိုက်လေယာဉ်တွေကို ပိုပြီး ထိထိရောက်ရောက် တုံ့ပြန်နိုင်လိမ့်မယ်လို့ ထောက်ပြနေကြပါတယ်။