မက္ကစီကိုနိုင်ငံ ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့များထံမှ သင်ခန်းစာယူခြင်း

မေ၊ ၁၇
 
(ဤဆောင်းပါးကို စစ်ကိုင်းတိုင်းဒေသကြီးတွင် ဖွဲ့စည်းတည်ထောင်ထားသည့် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များအတွက် ရည်ရွယ်၍ရေးသားပါသည်။)
 
#လင်းထက်မြတ် – ရေးသားသည်။
 
ဒေသန္တရအုပ်ချုပ်စီမံမှု(local governance)သည် လက်ရှိနွေဦးတော်လှန်ရေးမှာ မြန်မာနိုင်ငံအတွက် အဓိက ကျသည့် အုပ်ချုပ်ရေးအဖြစ် ဖြစ်တည်လာခဲ့ပြီဖြစ်သည်။ မြန်မာနိုင်ငံမှာ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် ဋ္ဌာနေကိုယ်စားလှယ်အဖြင့် တာဝန်ထမ်းဆောင်ခဲ့သည့် Charles Petrie ကလည်း သူ၏ဘန်ကောက်ပို့စ် သတင်းစာပါ ဆောင်းပါး “Taking Risks and Supporting Local Governance” မှာ “Myanmar is fragmenting. Autonomous local governance entities are emerging, for the most part comprised of ethnic administration, popular defense forces and local community networks and governance structures. A bottom-up form of decentralization is taking shape which in the long term could form the basis for more viable model of national governance” ဆိုပြီးရေးသားထားခဲ့သည် (https:// www.bangkokpost.com/opinion/opinion/2535214/taking-risks-and-supporting-local-governance)။
 
တနည်းအားဖြင့် ဆင်ခြင်ကြည့်ရလျှင် ပြိုလဲနေသည့်နိုင်ငံတော်မှာ အခြေအနေအရ သီးခြားလွတ်လပ်သည့် ဒေသန္တရအုပ်ချုပ်စီမံမှု အဖွဲ့အစည်းများ အပြိုင်အရိုင်းပေါ်ပေါက်လာနေခဲ့သည်။ အထူးသဖြင့် နဂိုမူလကဗဟိုအစိုးရ (သို့) တိုင်းဒေသကြီးအစိုးရများ တိုက်ရိုက်အုပ်ချုပ်မှုအောက်မှာရှိနေသည့် အညာဒေသမှာပါ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပကဖ)များ မြို့နယ်အဆင့်၊ ရပ်ကျေးအဆင့်မှာပေါ်ပေါက်လာနေခြင်းဖြစ်သည်။ စစ်ကောင်စီအုပ်ချုပ်ရေးယန္တရားသည် နိုင်ငံနယ်နမိတ်၏ ထက်ဝက်နီးပါးခန့်မှာ အာဏာသိမ်းပြီး (၂) နှစ်ကျော်အတွင်း ပြိုလဲသွားခဲ့ပြီး (https://www.irrawaddy.com/news/burma/nug-we-control-over-half-of-myanmars-territory.html) ယင်း၏စစ်တပ်သည် မြို့ပေါ်ကိုသာအဓိကထိန်းချုပ်ထားနိုင်ခဲ့သည်။ ထိုကဲ့သို့ အာဏာသိမ်းပြီးနောက် အောက်ခြေမှစတင်ဖွဲ့စည်းတည်ထောင်ရသည့် အုပ်ချုပ်ရေးယန္တရားများသည် အဆိုးထဲမှအကောင်းလို့ ဆိုရမလို အနာဂတ် ဖယ်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ထောင်ရာမှာ အရေးပါသည့် အခန်းကဏ္ဍမှပါဝင်နေမည်ဖြစ်သည်။
သို့သော်ငြားလည်း ယင်းတို့အနေဖြင့်လက်ရှိစစ်ကောင်စီ၏ စစ်ကြောင်းထိုးမှုများ၊ လေကြောင်းမှအရပ်သားပစ် မှတ်များကိုဗုံးကြဲတိုက်ခိုက်မှုများနှင့် ဘဏ္ဍာငွေကြေး အရအသုံးမှာလည်း အမျိုးသားညီညွှတ်ရေးအစိုးရ၏ ထောက်ပံ့နိုင်မှုအကန့်အသတ်များ၊ တရားဥပဒေစိုးမိုးရေးအစရှိသည့် စိန်ခေါ်မှုများဖြင့်ရင်ဆိုင်နေရပါသည်။ ထိုသို့ပဋိပက္ခ တိုက်ပွဲများကြားမှ ပေါ်ပေါက်လာနေသည့် ဒေသန္တရအစိုးရများအတွက် အကောင်းဆုံးဖြစ်အောင် မည်သို့ လုပ်ဆောင်သင့်သည်ဆိုသည်ကို ပုံမှန်အခြေအနေ၌ ဖြစ်သည့် ဒီမိုကရေစီနိုင်ငံများမှာဆောင်ရွက်ခဲ့သော ဗဟိုချုပ်ကိုင်မှု လျှော့ချခြင်း (decentralization)နှင့် ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့များကို လေ့လာကြည့်ခြင်းဖြင့် အတွေ့အကြုံ ကောင်းများရယူနိုင်မည်ဟု မျှော်လင့်ပါသည်။
 
စွမ်းဆောင်မှုကောင်းသည့် မက္ကစီကိုမှ ဒေသန္တရအစိုးရများ
 
ဟားဗတ်တက္ကသိုလ်မှ ပါမောက္ခ Merilee S. Grindle က “Local Governments That Perform Well: Four Explanation” သုတေသနစာတမ်း၌ မက္ကစီနိုင်ငံရှိ လူဦးရေ ( ၂၅၀၀၀) မှ (၁) သိန်းရှိသည့် စည်ပင်သာယာနယ်နမိတ်ကို စီမံအုပ်ချုပ်ခွင့်ရသည့် ဒေသန္တရအစိုးရများသည် အချက် (၄) ချက်ပေါ်မူတည်၍ ယင်းတို့၏စွမ်းဆောင်ချက် များကွဲပြားခြားနားသည်ကိုတွေ့ရသည်ဟု ယင်းစာတမ်းတွင်ရေးသားတင်ပြထားသည်။ ယင်းအချက် (၄) ချက်မှာ အကြိတ်အနယ် ယှဉ်ပြိုင်ရသည့် ဒေသန္တရရွေးကောက်ပွဲများ၊ နိုင်ငံရေးခေါင်းဆောင်မှု၊ စွမ်းဆောင်ရည်မြှင့်တင်နိုင်ခြင်းနှင့် အရပ်ဘက်အဖွဲ့အစည်းများ၏ပါဝင်ဆောင်ရွက်နိုင်မှု (သို့) competitive elections, political leadership, capacity building of public sector or public sector modernization and civil society mobilization တို့ဖြစ်သည်။
 
မြို့တော်စည်ပင်သာယာနယ်နမိတ်ကို စီမံခန့်ခွဲရသည့် မြို့တော်ဝန်များကဦးဆောင်သည့် ဒေသန္တရအုပ်ချုပ်ရေး အဖွဲ့ပေါင်း(၃၀)ကို ယင်းတို့၏စွမ်းဆောင်ရည်(efficiency)၊ ထိရောက်မှု (effectiveness)၊ ပြည်သူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်မှု (responsiveness)၊ ဖွံ့ဖြိုးမှုကိုရှေ့ရှုလုပ်ဆောင်မှု (development orientation)နှင့် ပြုပြင်ပြောင်းလဲရေးဆိုင်ရာ ဦးဆောင်ဦးရွက်ပြုလုပ်မှုများ (change initiatives) ကိုနှုန်းစံ သတ်မှတ်ဆန်းစစ်လေ့လာထားခြင်းဖြစ်သည်။
 
နံပါတ် (၁) အချက်ဖြစ်သည့် အကြိတ်အနယ် ယှဉ်ပြိုင်ရသည့် ရွေးကောက်ပွဲများရှိလာခြင်းမှာ အာဏာကို ဒေသန္တရအစိုးရများသို့ ခွဲဝေပေးခြင်း၏အကျိုးဆက်ဖြစ်သည်။ ဗဟိုမှဒေသန္တရအစိုးရများကို လုပ်ပိုင်ခွင့်တာဝန်နှင့်တကွ အရင်းအမြစ်များ ဘတ်ဂျက်သုံးစွဲငွေများ ပိုမိုခွဲဝေပေးလာသည့်အခါ မြို့တော်ဝန်နှင့်စည်ပင်သာယာရေးကော်မတီ ရွေးကောက်ပွဲများသည် ယခင်ကထက် ပိုမိုဆွဲဆောင်မှုရှိလာခဲ့သည်။ အာဏာရပါတီတွင်းမှ ဝင်ရောက်ရွေးချယ်ရန် ကိုယ်စားလှယ်လောင်းအဖြစ် အရွေးချယ်မခံရသူများမှ ရည်မှန်းချက်ကြီးသူများက အခြားပါတီသစ်များ သို့ကူးပြောင်းပြီး ဝင်ရောက်အရွေးခံခြင်း၊ ပါတီအသစ်များလည်း မြို့တော်ရွေးကောက်ပွဲများတွင် ပါဝင်ယှဉ်ပြိုင် ရန်ပေါ်ပေါက်လာခြင်းတို့ကြောင့် မြို့တော်စည်ပင်သာယာရေးနယ်နမိတ်အတွင်း နေထိုင်သူပြည်သူများအနေ ဖြင့် ယခင်ကထက် ရွေးချယ်စရာ ကိုယ်စားလှယ်လောင်းများ ပိုမိုများပြားလာခဲ့သည်။
 
ယှဉ်ပြိုင်ရွေးချယ်ခံနိုင်သည့် အခွင့်အလမ်းများပြားလာခြင်းသည် ရွေးကောက်ပွဲများမှာ ပါဝင်ယှဉ်ပြိုင်လာသည့် ကိုယ်စားလှယ်လောင်း အရေအတွက်နှင့်ပါတီအရေအတွက်ကို ပိုမိုများပြားလာစေသလို လက်ရှိအာဏာရပါတီ များကလည်း ရှုံးနိမ့်နိုင်ချေ ပိုမိုများပြားလာခြင်းကြောင့် ပါတီတွင်းကိုယ်စားလှယ်ရွေးချယ်မှုကိုလည်း ပိုမိုအလေးထားဂရုပြုလာသည်ဟုတွေ့ရှိရသည်။ ထို့ကြောင့် ပါတီတွင်းဒီမိုကရေစီလည်းအားကောင်းလာခဲ့သည်ဟုဆိုနိုင်သည်။ ဒီမိုကရေစီစနစ်အတွက် အကြိတ်အနယ်ယှဉ်ပြိုင်ရသည့် ရွေးကောက်ပွဲများသည် ပဓာနကျကြောင်းတွေ့ ရှိရသည်။
 
ရွေးချယ်ခံမြို့တော်ဝန်နှင့်အဖွဲ့ဝင်တိုင်းက ယခင်လူများထက် အစဉ်ထာဝရ ပိုမိုကောင်းမွန်သည်မဟုတ်သော် လည်း ရွေးချယ်ခံပိုင်ခွင့် အခွင့်အလမ်းများနှင့်အတူ အများပြည်သူကောင်းကျိုး၊ မိမိအုပ်ချုပ်ရာမြို့တော် ကောင်း ကျိုးအတွက် အမှန်တကယ်ဆောင်ရွက်လိုသူများ ပေါ်ပေါက်လာခဲ့သည်ကိုတွေ့ရှိရသည်။ အရည်အချင်းရှိသည့် မြို့တော်ဝန်များ၊ စည်ပင်ကော်မတီဝင်များလည်း ပိုမိုများပြားလာခဲ့သည်။
 
နံပါတ် (၂) အချက်ဖြစ်သည့် နိုင်ငံရေးခေါင်းဆောင်မှု (political leadership) ၏အရေးပါမှုကိုလည်း ထိုဒေသန္တရ အုပ်ချုပ်ရေးအဖွဲ့များ၏ စွမ်းဆောင်ရည်ကွဲပြားခြားနားမှုတွင်တွေ့ရှိရသည်။ (၃) နှစ်တာအုပ်ချုပ်ရသည့် ကာလအတွင်း မြို့တော်နေပြည်သူများ ကြုံတွေ့နေရသည့် ပြဿနာများ အခက်အခဲများကို ထိရောက်စွာဖြေရှင်းရန် အစီအစဉ်သစ်များ(အိမ်ယာစီမံကိန်းကဲ့သို့) အကောင်အထည်ဖေါ်ဆောင်နိုင်ရန် မြို့တော်ဝန်များ၏ ချိတ်ဆက်နိုင်မှုအရည်အချင်း၊ အထက်အဆင့်ဆင့်နှင့် ကောင်းမွန်သည့် ဆက်ဆံရေးထူထောင်နိုင်ခြင်းနှင့် မိမိစီမံခန့်ခွဲရသည့် ဗြူရိုကရေစီယန္တရားအတွင်း အရည်အချင်းရှိသည့်ဝန်ထမ်းများ ခန့်အပ်တာဝန်ပေးခြင်းတို့သည် အရေးပါသည့်အခန်းကဏ္ဍမှာရှိနေသည်။ တနည်းအားဖြင့် အရည်အချင်းရှိသည့် မြို့တော်ဝန်၊ ခေါင်းဆောင်မှုကောင်း သည့်မြို့တော်ဝန် အုပ်ချုပ်စီမံသည့် မြို့တော်စည်ပင်သာယာရေးအဖွဲ့များ၏ စွမ်းဆောင်ရည်သည်ကောင်းမွန်ကြောင်း ထိရောက်စွာမူဝါဒများကို အကောင်အထည်ဖေါ်ဆောင်နိုင်ကြောင်းတွေ့ရသည်။ လက်ရှိအကျဉ်းကျခံနေရသည့် မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်သည် ထိုကဲ့သို့အရည်အချင်းရှိသည့် ကြံရည်ဖန်ရည်ရှိသည့် ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်ကြောင်းကို သူမြို့တော်ဝန်အဖြင့် အုပ်ချုပ်စဉ်သက်တမ်းအတွင်းက သက် သေပြခဲ့ပြီးဖြစ်သည်။
 
နံပါတ် (၃) အချက်ဖြစ်သည့် မြို့တော်အုပ်ချုပ်ရေးအဖွဲ့များ၏ စွမ်းဆောင်ရည်မြင့်မားလာခြင်း၊ ခေတ်မီနည်းစနစ်များ နည်းပညာများကို အသုံးချလာနိုင်ခြင်းသည်လည်း အထက်ကစေခိုင်းခြင်းကြောင့်မဟုတ်ဘဲ ခေါင်းဆောင်မှုဖြင့် အများကြီးသက်ဆိုင်သည်ကိုတွေ့ရသည်။ မိမိလက်အောက်ဝန်ထမ်းများထဲမှ အရည်အချင်းမရှိသူများကို ရာထူး ချခြင်း ရပ်ဆိုင်းခြင်း၊ အရည်အချင်းရှိသူများကို ထပ်မံရွေးချယ်ခန့်အပ်ခြင်း၊ စွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းများကို ဝန်ထမ်းများအား တက်ရောက်စေခြင်း၊ ကွန်ပြူတာနည်းပညာများ ဒစ်ဂျစ်တယ်နည်းပညာများကို ဋ္ဌာနတွင်းအသုံးပြုလာခြင်းသည် မြို့တော်ဝန် (သို့) နိုင်ငံရေးခေါင်းဆောင်မှုဖြင့် အများကြီးသက်ဆိုင်သည်ကို တွေ့ရသည်။
 
မက္ကစီကိုနိုင်ငံ ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့များ (မြို့တော်စည်ပင်သာယာရေးအဖွဲ့များ)အပေါ် အရပ်ဘက်အဖွဲ့များ ၏ သက်ရောက်မှုကတော့ သိပ်မသိသာဟု သုတေသနလေ့လာဆန်းစစ်မှုမှာ တွေ့ရှိရသည်။ သို့သော်လည်း အရပ်ဘက်အဖွဲ့အစည်းများအား မြို့တော်အုပ်ချုပ်ရေးအဖွဲ့များမှ ဖိတ်ခေါပြီး မြို့တော်အတွင်းဦးစားပေးဆောင် ရွက်သင့်သည့် အစီအစဉ်များရွေးချယ်ခြင်း (priority setting)၊ ဘတ်ဂျက်ရေးဆွဲရာတွင် အကြံဉာဏ်တောင်းခံ ခြင်း ဦးစားပေးရွေးချယ်ခြင်း (participatory budget planning)များ၊ ပြည်သူများအနေဖြင့် အကြံဉာဏ်ပေးပို့နိုင်ခြင်း၊ ပြည်သူများ၏ ဝန်ဆောင်မှုများအပေါ် သဘောထားတောင်းခံခြင်းများတော့ ပြုလုပ်လာသည်ကိုတွေ့ရသည်။ အကြိတ်အနယ် ယှဉ်ပြိုင်ရသည့် ရွေးကောက်ပွဲများရှိလာခြင်း (democratization) နှင့် ဗဟိုချုပ်ကိုင်မှု အာဏာလျှော့ချခြင်း (decentralization) ကြောင့် အရပ်ဘက်အဖွဲ့အစည်းများအနေဖြင့် အများပြည်သူနှင့်သက်ဆိုင်သည့် ဆုံးဖြတ်ချက်များ ချမှတ်ရာတွင် ပိုမိုပါဝင်ဆွေးနွေးနိုင်သည့် အခွင့်အလမ်းများကို ယခင်ကထက် ပိုမိုရရှိလာသည်ကို တွေ့ရှိရသည်။ အုပ်ချုပ်ရေးအဖွဲ့များ၏ ဘဏ္ဍာငွေအရအသုံးနှင့် အခြားသတင်းအချက်အလက် များကိုလည်း ပိုမိုသိရှိလာနိုင်ခဲ့သည်။
 
မက္ကစီကိုနိုင်ငံမှ မြို့တော်စည်ပင်သာယာရေးအဖွဲ့များမှ လက်ရှိမြန်မာနိုင်ငံတွင် ပေါ်ထွန်းလာနေသည့် ဒေသန္တရ အုပ်ချုပ်ရေးအဖွဲ့များအနေဖြင့် ရယူနိုင်သည့် သင်ခန်းစာများမှာ —
• (၁) အကျိတ်အနယ် ယှဉ်ပြိုင်ရသည့် ရွေးကောက်ပွဲများ
• (၂) နိုင်ငံရေးခေါင်းဆောင်မှု
• (၃) စွမ်းဆောင်ရည်မြှင့်တင်ခြင်းတို့နှင့်
• (၄) အရပ်ဘက်အဖွဲ့အစည်းများ၏ အခန်းကဏ္ဍကို အသိအမှတ်ပြု၍ ယင်းတို့မှတဆင့် လူထုသဘောထားအမြင်များ ကောက်ခံခြင်း၊ ဦးစားပေး အစီ အစဉ်များရွေးချယ်သတ်မှတ်ရာတွင် ပါဝင်စေခြင်းနှင့် သတင်းအချက်အလက်မျှဝေခြင်းတို့ဖြစ်သည်။
 
အထက်မှာတင်ပြခဲ့သလို ဒီမိုကရေစီစနစ်မှာ အကြိတ်အနယ် ယှဉ်ပြိုင်ရသည့် ရွေးကောက်ပွဲများရှိခြင်းသည် ဒေသန္တရအုပ်ချုပ်စီမံမှုအတွက် အရေးပါသည့်အချက် အဓိကအကျဆုံးအချက် ဖြစ်နေသည့်အတွက် လတ်တ လော ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)များဖွဲ့စည်းထားရှိသည့် အထူးသဖြင့် စစ်ကိုင်းတိုင်း၊ မကွေးတိုင်းတို့မှာ မဖြစ်နိုင်သော်လည်း အမျိုးသားညီညွှတ်ရေးအစိုးရအနေဖြင့် ခေါင်းဆောင်မှုအားနည်းနေသည့် မြို့နယ်အဆင့် ရပ်ကျေးအုပ်စုအဆင့်များမှ ရွေးကောက်ပွဲမဟုတ်လျှင်တောင် ပြည်သူကလေးစားအားထားသူများဖြင့် အစားထိုး မည်နည်းဆိုသည်ကို ဆင်ခြင်စဉ်းစားသင့်ပါသည်။ လက်ရှိခေါင်းဆောင်များကို အစားမထိုးဘဲ ပအဖအဖွဲ့များကို တိုးချဲ့ဖွဲ့စည်းခြင်းမျိုးစဉ်းစားသင့်သည်ဟု ယူဆပါသည်။
လတ်တလောမှာ ပအဖအဖွဲ့ဝင်အများစုသည် ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲအနိုင်ရပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင်များဖြစ်နေသော်လည်း အသစ်တိုးချဲ့ဖွဲ့စည်း သည့်အခါ ပါတီဝင်ဖြစ်ခြင်းမဖြစ်ခြင်းထက် အောက်ခြေပြည်သူအကျိုးစီးပွားကို အမှန်တကယ်ဆောင်ကြဉ်းပေး နိုင်သူများ၊ ပြင်ပအဖွဲ့အစည်းများ (အရပ်ဘက်အဖွဲ့အစည်းများ၊ပြည်တွင်းပြည်ပအလှူရှင်များ၊ နည်းပညာအကူ အညီပေးနိုင်သည့်အဖွဲ့အစည်းများ)အားလုံးနှင့်ချိတ်ဆက်နိုင်သူများ၊ စစ်ကြောင်းထိုးလာ၍ စစ်ဘေးရှောင်ရာတွင် လိုအပ်သည့်အစီအစဉ်များကို စနစ်တကျ ပြင်ဆင်နိုင်ပြီး ပြည်သူလူထုကို ဘေးကင်းရာသို့ ရွေ့ပြောင်းပေးနိုင်သူ များ၊ မြို့နယ်၏စားနပ်ရိက္ခာဖူလုံရေး၊ ကျန်းမာရေး၊ပညာရေးဝန်ဆောင်မှုများကို ပိုမိုကောင်းမွန်အောင် တင်ကြို စဉ်းစားပြင်ဆင်နိုင်သူများ၊ တရားစီရင်ရေးကိစ္စရပ်များကို စနစ်တကျဆောင်ရွက်နိုင်သူများ၊ အသေးစား အမှုအခင်းများကို ကြားဝင်ညှိနှိုင်းဖြန်ဖြေပေးနိုင်သူများဖြင့် အင်အားဖြည့်တိုးချဲ့ဖွဲ့စည်းသင့်ကြောင်း တင်ပြလိုက် ရပါသည်။
 
လင်းထက်မြတ်
၁၆ ၊ မေ ၊ ၂၀၂၃။