မုန်တိုင်းကြောင့် ချင်းပြည်မှာ နေအိမ်တထောင်ကျော်ပျက်စီးခဲ့

မေ၊ ၁၆
 
ဆိုင်ကလုန်းမုန်တိုင်း မိုခါကြောင့် ချင်းပြည်နယ်ရဲ့ မြို့နယ် (၅)ခုမှာ နေအိမ်ပေါင်း ၁၀၀၀ နီးပါး ပျက်စီးခဲ့ပြီး မင်းတပ်မြို့နယ်ထဲက နေအိမ်တွေ အများဆုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
 
“ ချင်းပြည်နယ်မှာ ပျက်စီးဆုံးရှုံးမှုက ဖုန်းလိုင်းတွေ ဖြတ်တောက်ခံထားရတာ တော်တော်များခဲ့တော့ Update ကတော့ တော်တော်လေးလိုက်နေရတယ်။ အခုလောလောဆယ်အထိ ရထားတဲ့ အိမ်က ၉၆၄ အိမ်ပေါ့နော်။ ဒါပေမဲ့ ဒီထက် တော်တော်လေး ပိုများမယ်လို့ ခန့်မှန်းရတယ်။ ဘာလို့လည်းဆိုရင် အခုစပြီးတော့ ဒေတာတွေက ဆက်လက်စုနေကြတုန်းဆိုတော့လေ ” လို့ ချင်းပြည်နယ်၊ မိုခါဆိုင်ကလုန်းအရေးပေါ် တုံ့ပြန်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။
 
လက်ရှိအချိန်ထိလည်း ချင်းပြည်နယ်ရဲ့ ထိခိုက်ပျက်စီးမှုစာရင်းတွေဟာ ဝင်ရောက်လာနေဆဲဖြစ်ပြီး လူထိခိုက်သေဆုံးမှုတွေတော့ မရှိသေးဘူးလို့ အဲဒီအဖွဲ့တာဝန်ရှိသူက ဆက်ပြောပါတယ်။
 
ထိခိုက်ပျက်စီးမှုတွေ အများဆုံးဖြစ်တဲ့ မတူမြို့နယ်ထဲက ဖနိုင်၊ ဟုန်းလေး၊ တိန်ဆီး၊ ထောင်လန်၊ ရွာဗား ကျေးရွာတွေမှာ နေအိမ်အလုံးပေါင်း ၅၀၀ ကျော်နဲ့ ကျေးရွာတွေက စပါးကျီတွေလည်း ထိခိုက်ပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။
 
ပလက်ဝမြို့နယ်ထဲက ဆမီးမြို့ပေါ်နဲ့ ကျေးရွာတွေဘက်မှာ နေအိမ်အလုံးပေါင်း ၁၀၀ ကျော် ထိခိုက်ပျက်စီးခဲ့ပြီး လိုင်လင်းပီမြို့ပေါ်မှာလည်း နေအိမ်တွေ ၁၀၀ နီးပါး ပျက်စီးခဲ့သလို ဟားခါးမြို့နယ်ထဲမှာ နေအိမ် ၇၅ လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ သိပါတယ်။
 
မင်းတပ်မြို့နယ်ထဲက ကျေးရွာတွေမှာလည်း နေအိမ် အလုံးပေါင်း ၂၀ ကျော် ပျက်စီးခဲ့သလို ကန်ပက်လက်မြို့နယ်မှာ စစ်ရှောင်စခန်းတွေ အပါအဝင် နေအိမ် ၂၀ ကျော် ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
 
“ ချင်းပြည်နယ်မှာ အဓိက အရေးပေါ်ကတော့ အမိုးအကာတွေ လိုနေပါတယ်။ အိမ်အလုံးလိုက်ပျက်စီးသွားတဲ့ သူတွေအတွက်ကတော့ ဘာပစ္စည်းမှကို မယူလိုက်ရတဲ့သူတွေ ရှိတယ်။ အဲလို လူတွေက အများစုဖြစ်တာပေါ့နော်။ စားနပ်ရိက္ခာရယ်၊ အိမ်တွင်းအသုံးအဆောင်ပစ္စည်းတွေရယ် လိုပါမယ်။ ဆေးဝါးနဲ့ သန့်ရှင်းတဲ့ သောက်သုံးရေက တကယ့်ကို လိုအပ်နေပါတယ်။ တချို့နေရာတွေဆိုရင် ရေအရင်းမြစ်တွေပါ ပျက်စီးပါသွားတာတွေ ရှိတော့လေနော် ” လို့ ချင်းပြည်နယ်၊ မိုခါဆိုင်ကလုန်းအရေးပေါ် တုံ့ပြန်ရေးအဖွဲ့မှ တာဝန်ရှိသူတဦးက ပြောပါတယ်။
 
ချင်းပြည်နယ်က တချို့ဒေသတွေမှာ မိုခါဆိုင်ကလုန်းမဝင်မီက ဖုန်းလိုင်းတွေ ပြန်လည်ဖွင့်ပေးခဲ့ပေးမယ့် မုန်တိုင်းဖြတ်ကျော်ပြီးနောက် ချက်ချင်းပင် ပြန်ဖြတ်တောက်လိုက်ပြီး မုန်တိုင်းကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုတွေကို စာရင်းကောက်ယူမှုနဲ့ အရေးပေါ်ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေမှာ အခက်အခဲ ရင်ဆိုင်နေရပါတယ်။
 
မိုခါ ဆိုင်ကလုန်းမုန်တိုင်းကြောင့် မတူပီ CDF တပ်ရင်း ၂ ဌာနချုပ်အဆောင်တွေ ထက်ဝက်ကျော် ပျက်စီးခဲ့သလို ဖလမ်း CNDF တပ်ရင်း ၂ ဌာနချုပ်နဲ့ ပလက်ဝ CDF စခန်းက အဆောင်တွေ အပါအဝင် ချင်းတော်လှန်ရေးတပ်ဖွဲ့တွေရဲ့စခန်းတချို့လည်း ထိခိုက်ပျက်စီးမှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။
 
ချင်းပြည်နယ်မှာ စစ်ကောင်စီနဲ့ ချင်းတော်လှန်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲတွေ ဖြစ်ပွားနေရာ စစ်ကောင်စီဘက် အထိနာနေပြီး မြို့ပေါ်နဲ့ အနီးဝန်းကျင်သာ နယ်မြေစိုးမိုးထားနိုင်တဲ့အတွက် မြို့နယ်အများစုဟာ ဖြတ်လေးဖြတ်စနစ်ကို ကျင့်သုံးနေလို့ စစ်ရှောင်တွေ ပိုမိုဒုက္ခရောက်နေတယ်။
 
ချင်းပြည်နယ်ထဲက ပလက်ဝမြို့နယ်၊ မင်းတပ်မြို့နယ်၊ မတူပီမြို့နယ်နဲ့ ကန်ပက်လက်မြို့နယ်တွေမှာ စစ်ဘေးရှောင် ၄ သောင်းနီးပါးရှိပါတယ်။
 
စစ်ဘေးရှောင်ပြည်သူတွေ အခြေခံစားနပ်ရိက္ခာတွေ၊ အမိုးအကာတွေနဲ့ ဆေးဝါးတွေ အရေးပေါ် လိုအပ်နေသလို ချင်းကာကွယ်ရေးတပ်ဖွဲ့တွေဟာလည်း မိုခါမုန်တိုင်းကြောင့် အကူအညီတွေ လိုအပ်နေပါတယ်။ 
ဓာတ်ပုံ – The Chin Journal