ရွေးကောက်ပွဲ ရလဒ်ဆိုးနဲ့ ကြုံအပြီး ထိုင်းဝန်ကြီးချုပ် နိုင်ငံရေးက အနားယူဖွယ် ရှိတယ်လို့ဆို

မေ၊ ၁၆

ရွေးကောက်ပွဲမှာ ရလဒ်ဆိုးတွေ ကြုံခဲ့တဲ့နောက် ထိုင်းဝန်ကြီးချုပ်ဟာ နိုင်ငံရေး နယ်ပယ်ကနေ အနားယူဖွယ် ရှိနေတယ်လို့ သူ့ရဲ့ ကိုယ်စားပြု ပါတီက မှတ်ချက် ပေးခဲ့ပါတယ်။

 ထိုင်းဝန်ကြီးချုပ် ပယာရွတ် ချန်အိုချာဟာ ယူနိုက်တက် ထိုင်းအမျိုးသား ပါတီ (UTNP)ကိုယ်စားပြုပြီး မေလ ၁၄ ရက် ရွေးကောက်ပွဲကို ပါဝင် ယှဉ်ပြိုင်ခဲ့ပေမယ့် ရလဒ်ဆိုးဆိုးရွားရွားနဲ့ အရေးနိမ့်ခဲ့ပါတယ်။ အသက် ၆၉ နှစ်အရွယ် ပယာရွတ်ဟာ ၂၀၁၄ ခုနှစ်က အာဏာသိမ်းခဲ့တဲ့ ထိုင်းစစ်တပ် အကြီးအကဲဟောင်းဖြစ်ပြီး နောက်ပိုင်းမှာ အရပ်သား ဝန်ကြီးချုပ်အဖြစ် ကူးပြောင်း ခံယူခဲ့တာပါ။

 အခုတော့ ပယာရွတ်ဟာ နိုင်ငံရေးသမား ဘဝကပါ အနားယူတာမျိုး ဖြစ်လာနိုင်တယ်လို့ UTNPရဲ့ ဒုတိယ အကြီးအကဲဖြစ်သူ သာနာခွန် ဝမ်ဘွန်ခွန်ချာနာက ပြောကြားခဲ့ပါတယ်။

 ဒီအကြောင်းကို ပါတီ အကြီးအကဲက တိတိကျကျ မပြောသေးကြောင်း၊ ဒါပေမဲ့ သူဟာ နိုင်ငံရေး အလုပ်တွေကို ရပ်လိုက်တာမျိုး ဖြစ်ကောင်း ဖြစ်သားနိုင်ကြောင်း သာနာခွန်က မှတ်ချက် ပေးခဲ့ပါတယ်။

 ထိုင်းရွေးကောက်ပွဲမှာ အတိုက်အခံ အင်အားစုတွေဖြစ်တဲ့ မုဗ်ဖော်ဝပ် (MFP)နဲ့ ဖျူထိုင်း (PTP)တို့က ပြတ်ပြတ်သားသား အသာစီး ရခဲ့ပြီး ညွန့်ပေါင်း အစိုးရ ဖွဲ့နိုင်ဖို့ အားထုတ်နေချိန်မှာ ပယာရွတ်အပြင် ထိုင်းစစ်တပ်က အားပေး ထောက်ခံတဲ့ ကွန်ဆာဗေးတစ် ပါတီတွေက ရလဒ်တွေ အရမ်းဆိုးရွားခဲ့ပါတယ်။

 ရွေးကောက်ပွဲ ကော်မရှင် ထုတ်ပြန်ချက်အရ MFPက အောက်လွှတ်တော် အမတ်နေရာ ၁၅၂ နေရာ ရရှိပြီး PTPက ၁၄၁ နေရာ ရရှိချိန်မှာ ပယာရွတ်ရဲ့ UTNPက ၃၆ နေရာသာ ရရှိခဲ့တယ်လို့ သိရပါတယ်။

 သာနာခွန်ကတော့ သူနဲ့ ပါတီတို့ဟာ ပယာရွတ်အပေါ် လေးစားရင်းစွဲ ရှိနေပြီး ဖြစ်သလို နိုင်ငံကို ၈ နှစ်ကြာ ဦးဆောင်ခဲ့တဲ့ ဗိုလ်ချုပ်ကြီးဟောင်း ဝန်ကြီးချုပ်ရဲ့ စီမံ ဆုံးဖြတ်မှုတိုင်းကို လေးစား လက်ခံသွားမယ်လို့ ပြောကြားခဲ့ပါတယ်။

 ဝန်ကြီးချုပ်ဟာ သူ့ဘဝ တလျှောက်လုံး ထိုင်းနိုင်ငံအတွက် ကြိုးစား အလုပ်လုပ်ခဲ့ကြောင်း၊ သူ့ရဲ့ ၈ နှစ်ကြာ ဝန်ကြီးချုပ် သက်တမ်းအတွင်း နိုင်ငံအတွက် တိုးတက်ရာ တိုးတက်ကြောင်းတွေ အများကြီး လုပ်ဆောင်ပေးခဲ့တယ် ဆိုတာကို ထိုင်းနိုင်ငံသားတွေ ကောင်းကောင်း နားလည်ထားကြမယ်လို့ ယုံကြည်ကြောင်း သာနာခွန်က ဆိုပါတယ်။

 ပယာရွတ်ဟာ စစ်အစိုးရ ဝန်ကြီးချုပ်အဖြစ် နိုင်ငံကို ၅ နှစ်နီးပါး ကြီးစိုးခဲ့တဲ့နောက် ၂၀၁၉ ခုနှစ်မှာတော့ စစ်တပ် စိတ်တိုင်းကျ ပြင်ဆင် ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံ ဥပဒေကို အားကိုးပြီး ရွေးကောက်ပွဲ ကျင်းပခဲ့သလို အရပ်သား ဝန်ကြီးချုပ်အဖြစ် ပြောင်းလဲခဲ့ပါတယ်။ အခုရွေးကောက်ပွဲ မတိုင်ခင်မှာ ပယာရွတ်က ထိုင်းအနေနဲ့ အစိုးရသစ် ပြောင်းသွားမယ်ဆိုရင် ရှုပ်ထွေးမှုတွေ ကြုံလာနိုင်တယ်လို့ သတိပေး ပြောကြားခဲ့ပေမယ့် ထိုင်းပြည်သူတွေကတော့ ပြုပြင်ပြောင်းလဲရေးကို ပီပီပြင်ပြင် ဖော်ဆောင်ဖို့ ကတိပြုထားတဲ့ အတိုက်အခံ ဒီမိုကရေစီ အင်အားစုတွေကိုသာ ယုံယုံကြည်ကြည် မဲပေးခဲ့ကြတာ ဖြစ်ပါတယ်။