မေ၊ ၁၅
ပြိုင်ဘက် ပရိသတ်တွေ ကွင်းထဲ ကျူးကျော် ဝင်ရောက်လာတာကြောင့် ပူပူနွေးနွေး စပိန်လာလီဂါ ချန်ပီယံ ဘာစီလိုနာ အသင်းဟာ ကွင်းထဲမှာ သိပ်တောင် အောင်ပွဲခံခွင့် မရခဲ့ဘဲ အဝတ်လဲခန်းထဲ ဝင်ပြေးခဲ့ကြရပါတယ်။
ဘာစီလိုနာဟာ မေလ ၁၄ ရက် ညပိုင်းက ခါးသီး မြို့ခံပြိုင်ဘက် အက်စ်ပန်ညို အသင်းရဲ့ အိမ်ကွင်းမှာ ၄-၂ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့တဲ့နောက် ပြိုင်ပွဲ မပြီးဆုံးခင် လာလီဂါ အမှတ်ပေး ချန်ပီယံ ဆုဖလားကြီးကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။ မန်နေဂျာ ရှာဗီ ဟာနန်ဒက်ဇ် ကိုင်တွယ်နေတဲ့ ဘာစီလိုနာဟာ အသင်းရဲ့ သက်တမ်းတလျှောက်မှာ ၂၇ ကြိမ်မြောက် လာလီဂါ ဆုဖလားကို ဆွတ်ခူးခဲ့တာလည်း ဖြစ်ပါတယ်။
ပွဲပြီးသွားတော့ ကွင်းလယ်မှာ ဘာစီလိုနာ ကစားသမားတွေနဲ့ အသင်း တာဝန်ရှိသူတွေ စုဝေး အောင်ပွဲခံနေချိန် ပွဲကြည့်စင်ကနေ အက်စ်ပန်ညို ပရိသတ်တွေက ဒေါသတကြီး ကျူးကျော် ဝင်ရောက်လာတာကြောင့် ထွက်ပြေးခဲ့ကြရတာ ဖြစ်ပါတယ်။
သူတို့အသင်းက တန်းဆင်းရလုလုထိ အခြေအနေ ဆိုးနေတဲ့ အချိန်မှာ မြို့ခံပြိုင်ဘက် ဘာစီလိုနာ ကစားသမားတွေက အရမ်းပျော်ရွှင်ပြနေတဲ့ မြင်ကွင်းဟာ အက်စ်ပန်ညို အားပေးသူတွေအတွက် မခံမရပ်နိုင်စရာ ဖြစ်စေခဲ့ပါတယ်။ တချို့ အစွန်းရောက် ပရိသတ်တွေက အသင်းရဲ့ အဝတ်လဲခန်းထဲ ဝင်ရောက်ရာ ဥမင်နေရာထိ ရောက်သွားပြီး ဘာစီလိုနာ ကစားသမားတွေဖြစ်တဲ့ ဆာဂျီယို ဘုရှ်ကွက်စ်၊ မားကို့စ် အလွန်ဆိုတို့နဲ့ပါ အချင်းများခဲ့ပါတယ်။
ဒီဖြစ်စဉ်မှာ ဘာစီလိုနာ ကစားသမားတွေ ထိခိုက်ဒဏ်ရာရမှု မရှိခဲ့ဘူး ဆိုပေမယ့် လုံခြုံရေးစည်း ဆိုးဆိုးရွားရွား ကျိုးပေါက်ခဲ့တာနဲ့ ပတ်သက်ပြီး စပိန် လာလီဂါ တာဝန်ရှိသူတွေက အက်စ်ပန်ညို အသင်းကို အရေးယူသွားဖွယ် ရှိနေပါတယ်။
ဘာစီလိုနာ မန်နေဂျာ ရှာဗီကတော့ ချန်ပီယံဖြစ်လို့ အောင်ပွဲခံတာကို နားလည်ပေမယ့် ကိုယ့်အိမ်ကွင်း မဟုတ်တဲ့ အချိန်မှာ အိမ်ရှင် ပရိသတ်တွေကို မလေးစားတဲ့ သဘောမျိုးတော့ မလုပ်သင့်ဘူးလို့ ဝန်ခံခဲ့ပါတယ်။
အခုပွဲစဉ်မှာ ဘာစီလိုနာအတွက် တိုက်စစ်မှူး ရောဘတ် လီဝင်ဒေါစကီးက အထူးတလည် ခြေစွမ်းပြပြီး ၂ ဂိုးသွင်းခဲ့သလို နောက်ခံလူတွေဖြစ်တဲ့ အလက်ဂျန်ဒရို ဘယ်လ်ဒီနဲ့ ဂျူးလ်စ် ခွန်ဒေးတို့ကလည်း ၁ ဂိုးစီ ပါဝင် အားဖြည့်ပေးခဲ့ကြပါတယ်။
Ref: Daily Mail