စလင်းမှာ ချောင်းရေဝင်လို့ ကျေးရွာဆယ်ရွာက ဒေသခံ ၇၀၀ကျော် ဘေးလွတ်ရာရှောင်နေရ

မေ၊ ၁၄

မကွေးတိုင်း၊စလင်းမြို့နယ် စလင်ချောင်းရေတက်လာတာကြောင့် ဒီကနေ့ နေ့လည်ပိုင်းက ကညှပ်ကျေးရွာ တလျောက်မှာရှိတဲ့ ကျေးရွာ ၁၀ ရွာမှ ဒေသခံ ၇၀၀ ကျော်က ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင်နေရပြီး အကူအညီတွေလည်း လိုအပ်နေတယ်လို့ ဒေသခံတွေထံမှ သိရပါတယ်။

“ နေ့လည် ၁၂ ဝန်းကျင်လောက်က စဖြစ်တာ၊ ရေစဝင်တယ်၊ စလင်ချောင်းကနေ တဆင့်ပေါ့နော်၊ ရေတွေ စဝင်တာ၊ ရေက တဖြည်းဖြည်းနဲ့ ဒူးဆစ်ကနေ ခါး၊ ခါးကနေ တဖြည်းဖြည်းတက်လာတယ်ပေါ့၊ အရှိန်နဲ့ တက်လာကြတော့ ပစ္စည်းတွေလည်း သိမ်းချိန် မရဘူး၊ အိမ်ခြေကတော့ ငါးဆယ်ရှိတဲ့ရွာက ရှိတယ်၊ ၁၀၀ ရှိတဲ့ရွာက ရှိတယ်၊ အားလုံးပေါင်းရင် ၇၀၀ ဝန်းကျင်ရှိတယ်၊ အိမ်ခြေကတော့။” လို့ စလင်းဒေသခံတဦးက DNA ကို ပြောပါတယ်။

ဆိုင်ကလုန်းမုန်တိုင်း “မိုခါ”ရဲ့ အရှိန်ကြောင့် ဒီရေမြင့်တက်လာပြီး ကညှပ်ရွာ၊ နောင်တော်လေးရွာ၊ နောင်တော်ကြီးရွာ၊ ကြီးသိုက်ရွာ၊ ကျောင်းကုန်းရွာ၊ ဥယျာဥ်စုရွာ၊  ပန်တောလေး၊ ပန်းတောကြီး၊ ကျောက်ခဲကုန်း၊ ရှားတော အစရှိတဲ့ ကျေးရွာမှ ဒေသခံတွေက ဘေးလွတ်ရာထွက်ပြေးနေရတာဖြစ်ပါတယ်။

အဆိုပါစလင်းချောင်းရေက နာရီပိုင်းအတွင်းမှာပဲ နေအိမ်တစ်လုံး နစ်မြှပ်သွားတဲ့အထိ ရုတ်တရက်မြင့်တက်လာတာကြောင့် ဒေသခံတချို့က ထွက်ပြေးတိမ်းရှောင်နိုင်ပေမယ့် တချို့ဒေသခံတွေက နေအိမ်မှာ ပိတ်မိနေသူများလည်း ရှိတယ်လို့ ဆိုပါတယ်။

“ ကူတဲ့လူတွေက လာကူကြတယ်၊ လွတ်တဲ့နေရာကို ရွေ့ပေးနေတာပေါ့ဗျာ၊ အကူအညီတွေတော့ လိုအပ်နေတယ်ပေါ့၊ အကုန်လုံးတော့ မလွတ်သေးဘူး၊ အကူအညီတောင်းတဲ့သူတွေက တောင်းနေတုန်းပဲ၊ တချို့ဆို အခုချိန်ထိ အဆက်အသွယ်ပျက်နေ တုန်းပဲ။ ဒီကလူတွေလည်း အတက်နိုင်ဆုံး ဘေးလွတ်ရာကို ရွေ့ပြောင်းပေးနေတာပဲ။” လို့ အဲဒီ ဒေသခံက ပြောပါတယ်။

နယ်မြေခံလူမူကူညီရေးအသင်းအဖွဲ့တွေက ရေဘေးသင့်ပြည်သူတွေကို ဘေးလွတ်ရာ ကုန်းမြင့်နေရာတွေနဲ့ ယာယီစခန်းတွေမှာ နေရာချထားပေမယ့် လတ်တလောစားသောက်ဖို့ အခက်အခဲရှိနေတယ်လို့ သူက ဆက်ပြောပါတယ်။

“အခုတော့ ပရဟိတ အဖွဲ့တွေနဲ့ သူ့ဟာသူ ညှိနှိုင်းပြီး လုပ်ပေးနေတယ်၊ ကိုယ့်ဟာကို ဖြေရှင်းပေးနေတာပဲ။ ကူညီပေးမယ့် လူရှိရင် တော့ သူတို့အတွက် အဆင်ပြေတာပေါ့၊ စားဖို့ သောက်ဖို့က အခက်အခဲဖြစ်နေတာပေါ့။ အစိုးရဘက်က ပြင်ဆင်ဆောင်ရွက်နေ တယ်လို့ပြောတာပဲ၊ အခုထိတော့ မရသေးဘူး။” လို့ ပြောပါတယ်။ 

လက်ရှိမှာလည်း စလင်းချောင်းရေက မြင့်တက်နေဆဲဖြစ်ပြီး ချောင်းနားနေအိမ်တချို့က နေအိမ်တအိမ်လုံး စတင်နစ်မြုပ်နေပြီး ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါအပြင် ပိတ်မိနေတဲ့ဒေသခံတွေကို ထပ်မံရှာဖွေကယ်ထုတ်ပေးဖို့ အခက်အခဲ ရှိနေပြီး  ဒေသခံတွေနဲ့ လူမူကူညီရေးအသင်းတွေက ရှိတဲ့ ပစ္စည်းတွေနဲ့ အကူအညီပေးနေပေမယ့် ထင်သလောက်အလုပ်မတွင်ဘူးလို့ ဆိုပါတယ်။