မေ၊ ၁၄
မိုခါ ဆိုင်ကလုန်းမုန်တိုင်းကြောင့် ကုန်းတွင်းပိုင်းအညာဒေသမှာ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုတွေဖြစ်ပေါ်နေချိန်မှာ စစ်ကောင်စီက စစ်ကြောင်းထိုးနေလို့စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းက အရပ်သားနှစ်သောင်းခွဲ ဝန်းကျင်ဟာ မိုးထဲလေထဲ ထွက်ပြေးနေရပါတယ်။
စစ်ကိုင်းတိုင် းကနီ ၊ ပုလဲ ၊ ခင်ဦး ၊ မြင်းမူ နဲ့ ဆားလင်းကြီးနဲ့ မကွေးတိုင်း၊မြိုင်မြို့နယ်တွေမှာ မေလ ၁၃ ရက် မနေ့စတင်ပြီးမိုးသည်းထန်စွာရွာသွန်းနေတဲ့ကြားကစစ်ကြောင်းထိုးမှုတွေကြောင့် ထပ်မံပြီး ထွက်ပြေးနေရတာပါ။
အဲဒီလိုစစ်ကြောင်းထိုးတာကြောင့် စစ်ကိုင်းတိုုင်း၊ ကနီမြိုံက ၁၃ဝဝဝကျော်၊ ပုလဲမြို့က ၂၃၀၀ ကျော်၊မြင်းမူမြို့က ၂၀၀၀ ကျော်၊ခင်ဦမြို့က ၃၀၀၀ ဝန်းကျင်နဲ့ မကွေးတိုင်း၊မြိုင်မြို့က ၄၀၀၀ ကျော်ရှိတယ်လို့ DNAသတင်းဌာန ရဲ့စုစည်းချက်အရသိရပါတယ်။
“ကနီမြို့နယ်မှာ မုန်တိုင်း ဝင်ရောက်နေတာကြောင့် မိုးသည်းထန်စွာ ရွာသွန်းနေတာဟာ ၂ရက် ရှိခဲ့ပြီဖြစ်ပြီး စစ်ကောင်စီတပ်တွေက ကနီမြို့အောက်ဘက် ချင်းတွင်း မြစ်အနောက်ဘက်ကမ်း ကျေးရွာတွေကို စစ် ကြောင်း ထိုးနေပြီး ၊ ကျေးရွာအုပ်စု ၅ စုမှ ဒေသခံပြည်သူ ၁၃၁၅၂ ဦး ကျော် ဘေးလွတ်ရာကို မိုးထဲရေထဲမှာ ထွက်ပြေးတိမ်းရှောင်နေရတယ်’’ လို့ ကနီဒေသခံကိုပြည့်အောင်နိုင်က ပြောပါတယ်။
အဲဒီဒေသမှာ စစ်ဘေးရှောင် အရပ်သားတွေ ထပ်မံတိုးလာနိုင်တဲ့ အနေအထားရှိသလို စစ်ဘေးရှောင်တွေဟာလည်း မိုးသည်းထန်ပြီးလေကြမ်းတဲ့ကြားက ထွက်ပြေးလို့ အဆင်မပြေတဲ့ အခြေအနေတွေရှိတယ်လို့လည်းဒေသခံတွေကဆိုပါတယ်။
“ မိုးလင်းကတည်းက ပစ်တဲ့ခတ်တဲ့အသံတွေကြားနေရတာခုကမိုးကသည်းနေတာဘယ်မလဲထွက်လို့မရဘူး ပြေးဖို့ကပြင်ဆင်ထားတာပဲရှိတာဒီမိုးနဲ့ကပြေးလို့တော့မရဘူး”လို့ကနီမြို့စစ်ရှောင်တဦးက ပြောပါတယ်။
ဒါ့အပြင်စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်မှာလဲစစ်ရှောင်အရပ်သား ၂၃၀၀ ကျော်ရှိနေသလို မိုးရွာထဲစစ်ရှောင်ကြရလို့ ဖျားနာကြတာတွေလည်းရှိတယ်လို့ စစ်ရှောင်ကူညီသူတွေနဲ့ ဒေသခံတွေရဲ့ ပြောကြားချက်တွေအရ သိရပါတယ်။
“၁၃ရက်နေ့ကညကြီးထဲစစ်ရှောင်ရတာမိုးတွေမိလို့ဖျားကြတာတော်တော်များတယ်”လို့ဒေသခံတဦးကပြောပါတယ်။
အလားတူပဲ မြင်းမူမြို့နယ်ကို စစ်ကောင်စီတပ်တွေအင်အား၁ဝဝလောက်နဲ့စစ်ကြောင်းထိုးဝင်ရောက်နေတာကြောင့် စစ်ရှောင်နေရတဲ့စစ်ရှောင်ပြည်သူတွေရဲ့အခက်အခဲကိုမြင်းမူသတင်းမှန်ပြန်ကြားရေးအဖွဲ့လည်း ပြောကြား ပါတယ်။
“စစ်ရှောင်ဦးရေက၂ဝဝဝကျော်တယ် ၊ မိုးရွာတော့နေထိုင်ရေးခက်ခဲတယ် ဘုန်ကြီးကျောင်းတွေမှာနေရတာ၊ မိုးရွာတော့နေရာအကြပ်အတည်းရှိတယ်”လို့သူကဆိုပါတယ်။
ဒါ့အပြင်ခင်ဦးမြို့နယ်အနောက်ခြမ်း အင်းပတ်ကျေးရွာ၊ ချမ်းသာကုန်းကျေးရွာ၊ ကုန်းသာရွာ စတဲ့ ကျေးရွာတွေက ဒေသခံ(၃၀၀၀)ဝန်းကျင်ဟာလည်း စစ်ကောင်စီတပ်တေစစ်ကြောင်းထိုးနေတာကြောင့် မိုးရွာထဲစစ်ရှောင်ထွက်ပြေးနေရတယ်လို့ ခင်ဦးသတင်းမှန်ပြန်ကြားရေးကပြောပါတယ်။
စစ်ကောင်စီတပ်တွေဟာအာဏာသိမ်းမှုကိုဆန့်ကျင်မှုပြင်းထန်နေနတဲ့ မကွေးတိုင်း၊မြိုင်မြို့နယ် မြောက်ပိုင်းကိုလည်းစစ်ကြောင်းထိုးဝင်ရောက်ခဲ့တာကြောင့် ဒေသခံ၄ဝဝဝကျော်စစ်ရှောင်နေကြရတယ်လို့ လည်းစစ်ရှောင်တွေက ပြောပါတယ်။
“မိုးကမနက် ၃နာရီလောက်ကတည်းကရွာနေတာ သည်းကြီးမဲကြီး ခုထိလဲတစိမ့်စိမ့်ပဲ စစ်ရှောင်ရတာဒုက္ခရောက်လိုက်တာ မရှောင်ပြန်ရင်လဲ အိမ်ရောက်လာရင်သတ်ခံရအုံးမှာ “လို့ စစ်ရှောင်တဦးက ပြောပါတယ်။