ထားဝယ်အထူးစီးပွားရေးဇုန်အနီးက တိုက်ပွဲမှာ စစ်ကောင်စီလေကြောင်းပစ်ကူသုံးလို့ ဒေသခံရာနဲ့ချီစစ်ရှောင်ရ

မေ၊ ၁၄
 
တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ နဘုလယ်ဒေသရှိ ထားဝယ်အထူးစီးပွားရေးဇုန်အနီးဝန်းကျင်မှာ ဒီကနေ့ မနက် ရှစ်နာရီခွဲကျော်ခန့်က ဒေသခံကာကွယ်ရေးတပ်တွေနဲ့ တိုက်ပွဲမှာ စစ်ကောင်စီတပ်က လေယာဉ်နဲ့ပစ်ကူပေးတိုက်ခိုက်ခဲ့လို့ ဒေသခံရာနဲ့ချီစစ်ရှောင်နေတယ်လို့ သိရပါတယ်။
 
“ တိုက်ပွဲပစ်သံတွေက မနက်အစောကြီးကတည်းက ကြားနေရတာ၊ လေယာဉ်နဲ့ ဗုံးကြဲသွားတာက ၈ နာရီခွဲလောက်ရှိမယ်၊ သေချာပါတယ်။ သုံးလုံးလောက်၊ လေးလုံးလောက်လို့ သိရတယ်။ အဲလောက်ရှိနိုင်တယ်။ ထိခိုက်မှုလည်း မသိဘူး၊ ကျွန်မတို့တောင် ပြေးနေရတာ။ အခုပြေးနေရတာ ” လို့ နဘုလယ်ဒေသခံတဦးက DNA ကို ပြောပါတယ်။
 
ဒါဟာ တနင်္သာရီတိုင်းအတွင်းမှာ စစ်ကောင်စီတပ်ဖွဲ့တွေက ဒေသခံကာကွယ်ရေးတပ်တွေကို လေယာဉ်နဲ့ ပထမဆုံးအကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တာလည်းဖြစ်တယ်လို့ တော်လှန်ရေးအဖွဲ့တွေနဲ့ ဒေသခံတွေက ဆိုကြပါတယ်။
 
ဒေသခံတွေရဲ့ ပြောဆိုချက်အရ ဒီကနေ့ နံနက်အစောပိုင်းမှာ ထားဝယ်အထူးစီးပွားရေးဇုန်ရှိရာ နဘုလယ်နားအနီးမှာရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့စခန်းတခုကို ဒေသကာကွယ်ရေးပူးပေါင်းအဖွဲ့တွေက သွားရောက်တိုက်ခိုက်ရာမှ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့တာပါ။
 
နှစ်ဖက်ပစ်ခတ်မှုအတွင်းမှာ စစ်ကောင်စီဘက်က အထိအခိုက်များနေတာကြောင့် စစ်ကောင်စီဘက်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးရဲ့ ပြောဆိုချက်အရ သိရပါတယ်။
 
“ မနက်က စစ်ဆင်ရေးတခုလုပ်ကြတာ။ အဲမှာ သူတို့ဘက်က အထိနာလို့ ဖြစ်မယ်၊ ပစ်ခတ်မှုအတွင်းမှာပေါ့။ ချက်ချင်းပဲ ၈ နာရီကျော် အဲဝန်းကျင်လောက်ပဲ လေယာဉ်နဲ့ ဗုံးလာချသွားတယ်။ ဗုံးကတော့ ရွာအပြင်လောက်မှာ ကျတယ်၊ ကျန်တာတွေတော့ ပြောလို့ မရသေးပါဘူး။ မြေပြင်အဖွဲ့တွေက ပြန်မရောက်သေးလို့ ” လို့ ပြောပါတယ်။
 
စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားထိခိုက်သေဆုံးမှုနဲ့ နှစ်ဖက်တိုက်ပွဲအတွင်းမှာ ထိခိုက်သေဆုံးမှုအခြေအနေကို အတည်ပြုပေးနိုင်ခြင်းမရှိသေးဘူးလို့လည်း အဲဒီဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်က ပြောပါတယ်။
 
လက်ရှိမှာ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ထားဝယ်အထူးစီးပွားရေးဇုန်အနီး နေထိုင်သူတွေ၊ နဘုလယ်နဲ့ အနီးနားပတ်ဝန်းကျင်နေထိုင်သူတွေအပါအဝင် ဒေသခံရာနဲ့ချီက ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတဦးက ပြောပါတယ်။
 
“ အများကြီးပဲ၊ ပြေးကြတယ်၊ တိတိကျကျတော့ မသိဘူးလေ၊ သူ့ဟာနဲ့ သူပြေးနေကြတာ၊ ရှိမယ်ပေါ့၊ တရာလောက်လားပေါ့၊ ပစ်ခတ်မှုကတော့ အခုချိန်ထိတော့ လက်နက်ကြီး၊ လက်နက်ငယ်သံတွေ ကြားနေရဆဲပဲ။ လေယာဉ်ကတော့ မရှိတော့ဘူး ” လို့ ပြောပါတယ်။
 
ရေဖြူမြို့နယ်မှာ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ မကြာခဏထိတွေ့ တိုက်ပွဲဖြစ်ပွားလေ့ရှိတာကြောင့် စစ်ကောင်စီပူးပေါင်းတပ်ဖွဲ့တွေက မြို့နယ်အတွင်းကို လုံခြုံရေးတင်းတင်းကြပ်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
 
ဒါ့အပြင် မြို့နယ် နေရာအနှံ့အပြားမှာ ပိတ်ဆို့စစ်ရေးရှာဖွေ တာတွေ အဆက်မပြတ်လုပ်ဆောင်နေတဲ့ကြားကပဲ ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက စစ်ကောင်စီတပ်တွေကို ထပ်မံတိုက်ခိုက်ခဲ့တာလည်း ဖြစ်တယ်လို့ သိရပါတယ်။
 
ပြီးခဲ့တဲ့ မေလ ၈ ရက်ကလည်း ရေဖြူမြို့နယ်၊ ဝက်ချောင်းကျေးရွာမှာ စစ်ကောင်စီစစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဘက်မှ ကြားဖြတ်တိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့ရာမှာ စစ်ကောင်စီဖက်က ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။ 
ဓာတ်ပုံ – စစ်ကောင်စီမီဒီယာ