ဖုန်းလိုင်းတွေဖြတ်တောက်ခံထားရတဲ့ ချင်းပြည်နယ်မှာ မုန်တိုင်းသတင်း ကြိုတင်သတိပေးနိုင်မှုမရှိဖြစ်နေ

မေ၊ ၁၃
 
မိုခါ ဆိုင်ကလုန်းမုန်တိုင်းဟာ မေလ ၁၄ ရက်မှာ အင်အားအလွန်ပြင်းထန်တဲ့ မုန်တိုင်းအဖြစ် မြန်မာနိုင်ငံအတွင်း ဖြတ်သန်းဝင်ရောက်ရာမှာ မုန်တိုင်းလမ်းကြောင်းမှာရှိနေတဲ့ ချင်းပြည်နယ် မြို့နယ်လေးခုက ဒေသခံတွေဟာ စစ်ကောင်စီရဲ့ ဆက်သွယ်ရေးဖြတ်တောက်ထားမှုကြောင့် မုန်တိုင်းသတင်းတွေ မရရှိဘဲဖြစ်နေတယ်လို့ သိရပါတယ်။
 
“ အခုမြန်မာပြည်ရော၊ ချင်းပြည်နယ်ရဲ့ နေရာတချို့မှာ ဖြစ်လာနိုင်တဲ့ မိုခါဆိုင်ကလုန်းအတွက် တော်တော်လေးလည်း ချင်းပြည်နယ်တွင်းမှာ ဒုက္ခရောက်နေတာ တွေ့ရတယ်၊ မိုခါဆိုင်ကလုန်းမုန်တိုင်းနဲ့ ပတ်သက်လို့ ချင်းပြည်နယ်ရဲ့ ဒေသတော်တော်များများက မသိရှိကြဘူးပေါ့နော်၊ အဓိကဖြစ်တဲ့ တယ်လီဖုန်းဆက်သွယ်ရေးက ပြတ်တောက်နေတယ် ” လို့ ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO)မှာ တာဝန်ရှိသူတဦးက ပြောပါတယ်။
 
မိုခါဆိုင်ကလုန်းမုန်တိုင်းဟာ မေလ ၁၄ ရက်မှာ အားအလွန်ကောင်းတဲ့ မုန်တိုင်းတခုအဖြစ် ရခိုင်ပြည်နယ် စစ်တွေမြို့အနီးကနေ မြန်မာနိုင်ငံအတွင်းကို မုန်တိုင်းဗဟိုလေတိုက်နှုန်း တနာရီမိုင် ၁၂၀ ကျော်ရှိတဲ့ VSCS -CAT-3 အဆင့်နဲ့ ကုန်းတွင်ပိုင်းကို ဝင်ရောက်နိုင်တယ်လို့ နောက်ဆုံးရ နိုင်ငံတကာမိုးလေဝသအချက်အလက်တွေကို ကိုးကားပြီး မိုးလေဝသလေ့လာသူ ဦးဝင်းနိုင်က ဒီကနေ့ နေ့လယ်ပိုင်းမှာ အသိပေးထားပါတယ်။
 
အဲ့ဒီမုန်တိုင်းဟာ ချင်းပြည်နယ်၊မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းတို့ဆီ အားကောင်းတဲ့ဆိုင်ကလုန်း မုန်တိုင်းအ ဆင့်နဲ့ ဆက်လက်ရွေ့လျားနိုင်တယ်လို့ စစ်ကောင်စီရဲ့ မိုးဇလဌာနက ဒီကနေ့မနက်ပိုင်းမှာ ထုတ်ပြန်ထားပါတယ်။
 
လက်ရှိအခြေအနေတွေအရ ချင်းပြည်နယ်ထဲက ပလက်ဝမြို့နယ်၊ မင်းတပ်မြို့နယ်၊ မတူပီမြို့နယ်နဲ့ ကန်ပက် လက်မြို့နယ်တွေက စစ်ဘေးရှောင်လေးသောင်းနီးပါးဟာ မုန်တိုင်းဒဏ်ကို ခံစားရနိုင်ချေရှိနေတယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့က ပြောပါတယ်။
 
“ ဆက်သွယ်ရေး ဖုန်းလိုင်းတွေ ပြတ်တောက်တဲ့အခါမှာ ကျွန်တော်တို့အနေနဲ့ ဘာမှ မသိရတဲ့ အနေအထားမှာ ရှိနေတယ်၊ အများအားဖြင့်တော့ ဘယ်လိုကာကွယ်ကြမလဲ၊ ဘယ်လို လုပ်ဆောင်ကြမလဲဆိုတဲ့ မသိတဲ့အနေအထားမှာ ရှိနေကြတယ်၊ အဲဒီမှာ စစ်ဘေးရှောင်နေတဲ့ ဒေသခံ ပြည်သူတွေ တော်တော်လေးထိခိုက်နိုင်တဲ့ အနေအထားမှာတော့ ရှိတယ် ” လို့ ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO)မှာ တာဝန်ရှိသူတဦးက ပြောပါတယ်။
 
ဒါပေမယ့် ကန်ပက်လက်၊ ပလက်ဝနဲ့ ဆောမြို့နယ်တွေထဲက ဖုန်းလိုက်အဆက်အသွယ်ရတဲ့ ဒေသအနည်းငယ်မှာတော့ ဒေသခံတွေဟာ ကိုယ့်အစီအစဉ်နဲ့ကိုယ် မုန်တိုင်းဒဏ်ကာကွယ်နိုင်ဖို့ ပြင်ဆင်နေကြတယ်လို့ သိရပါတယ်။
 
မိုခါဆိုင်ကလုန်းမုန်တိုင်းဟာ ရခိုင်ပြည်နယ်၊ စစ်တွေမြို့အနီးကနေ တနာရီကို မိုင် ၁၂၀ ကျော်နှုန်းနဲ့ စတင်ဝင်ရောက်လာမှာဖြစ်ပြီး ကုန်တွင်းပိုင်းကို ရောက်ရှိချိန်မှာ တဖြည်းဖြည်းနဲ့ အင်အား လျော့နည်းလာကာ ချင်းပြည် နယ်၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းတို့မှာ တနာရီကို မိုင် ၆၀ ကနေ ၇၀နှုန်းနဲ့ လေပြင်းတွေ တိုက်ခိုက်နိုင်တယ်လို့ မိုလေဝသပညာရှင်တွေက ခန့်မှန်းထားပါတယ်။
 
မုန်တိုင်းကြောင့် မိုးကြီး လေပြင်းထန်မှုတွေ ကြုံရနိုင်တာကြောင့် မြေပြိုမှု၊ တောင်ပြိုမှု၊ တောင်ကျ ချောင်းရေများမှုတွေ ဖြစ်ပေါ်နိုင်တဲ့အတွက် သတိထားရှောင်ရှားကြဖို့ လိုတယ်လို့လည်း သိရပါတယ်။ ချင်းပြည်နယ်ဟာ ပုံမှန်ကာလတွေမှာတောင် လမ်းပန်းးဆက်သွယ်ရေးခက်ခဲပြီး မိုးရာသီမှာ တောင်ပြိုတာ၊ မြေပြိုကျတာတွေ မကြာမကြာဖြစ်လေ့ရှိတဲ့ ဒေသဖြစ်ပါတယ်။
 
မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က မင်းတပ်မြို့နယ်အပါအဝင် မြို့နယ်အများအပြားကို ငါးလကျော်ကြာ ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေ ဖြတ်တောက်ထားတဲ့အတွက် ပြည်သူတွေ မုန်တိုင်းသတင်းအချက်အလက်ရရှိဖို့ ခက်ခဲနေပြီး မုန်တိုင်းသတင်းကို အချင်းချင်းဝေမျှကြဖို့၊ ပြင်ဆင်ကြဖို့ တိုက်တွန်းထားပါတယ်။
 
“ အခုက စစ်ဘေးရှောင်နေရတဲ့အချိန်မှာလည်း အရေးပေါ်အကူအညီတွေ လိုအပ်နေဆဲဖြစ်နေတဲ့အခါမှာ သူတို့အတွက် ဆေးဝါးတွေ စားစရာတွေ ကြိုတင်ပြင်ဆင်မှုက ရှိမနေဘူး၊ ဒါကြောင့် ဆိုင်ကလုန်းကသာ ဒီနေ့ရာတွေကို အတော်ထိခိုက်လာမယ်ဆိုရင် တော်တော်လေး စိုးရိမ်ရမယ့် အနေအထား၊ လူသားချင်စာနာမှု အကူအညီတွေ အတော်ကြီးမားလာတဲ့ အနေထားမှာ ရှိနေပြီ ” လို့ စစ်ရှောင်တွေကိုကူညီနေသူတဦးက ပြောပါတယ်။
 
စစ်ကောင်စီဟာ ချင်းပြည်နယ်က မင်းတပ်၊ မတူပီ၊ ကန်ပက်လက်အပါဝင် စစ်ကိုင်းတိုင်းနဲ့မကွေးတိုင်းအတွင်း ဒေသတချို့မှာလည်း အင်တာနက်နဲ့ ဖုန်းလိုင်းတွေ ဖြတ်တောက်ထားပါတယ်။
 
ဓာတ်ပုံ – Social Media
ပုံစာ – ချင်းပြည်နယ်အတွင်းက စစ်ဘေးရှောင်စခန်းတခု။