မိုခါ မုန်တိုင်းအရှိန်ကြောင့် မိုးသည်းထန်နေတဲ့ မန္တလေးမြို့

မေ၊ ၁၃
 
အားပြင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်း မိုခါ အရှိန်ကြောင့် ကုန်းတွင်းပိုင်းဒေသဖြစ်တဲ့ မန္တလေးမြို့မှာ မနေ့ကညပိုင်းက စတင်ပြီး ဒီကနေ့မနက်ပိုင်းအထိ မိုးသည်းထန်စွာ ရွာသွန်းနေတယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။
 
ဒီကနေ့မနက်ပိုင်းမှာ မန္တလေးမြို့ရဲ့ ပြည်ကြီးတံခွန်၊ ချမ်းမြသာစည်၊ အောင်မြေသာစံ၊ မဟာအောင်မြေ၊ ချမ်းအေးသာစံ စတဲ့မြို့နယ်တွေအားလုံးနီးပါးမှာ မိုးသည်းထန်စွာရွာသွန်းနေတယ်လို့ ဆိုပါတယ်။
 
” ဒီကနေ့မနက်ပိုင်းကတော့ မိုးအတော်သည်းပါတယ်၊ လေတိုက်တာမျိုးတော့ မရှိပါဘူး၊ မိုးရွာတော့ အပူကတော့ သက်သာသွားတာပေါ့၊ မုန်တိုင်းဝင်မယ့် နေရာတွေအတွက်တော့ စိတ်ပူမိတယ် ” လို့ ချမ်းအေးသာစံမြို့နယ်မှာ နေထိုင်သူတဦးက ပြောပါတယ်။
 
မိုးရွာသွန်းမှု အားကောင်းနေတာဖြစ်တဲ့အတွက် မြို့ပေါ်က အနိမ့်ပိုင်းရပ်ကွက်တွေမှာ ရေနစ်မြုပ်တာတွေ ဖြစ်နိုင်သလို မြို့တွင်းလမ်းတချို့လည်း ကားလမ်းရေကျော်တာတွေ ဖြစ်နိုင်တယ်လို့ မြို့ခံတွေက ဆိုကြပါတယ်။
 
အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း “ မိုခါ (MOCHA) ” ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားမြို့နဲ့ မြန်မာနိုင်ငံ၊ ကျောက်ဖြူမြို့တို့ကြား စစ်တွေမြို့အနီးကနေ မနက်ဖြန် နေ့လယ်ပိုင်းမှာ မုန်တိုင်းအနေနဲ့ ဖြတ်ကျော်ဝင်ရောက်မယ့်လို့ ဒီကနေ့မနက်ပိုင်းမှာ စစ်ကောင်စီရဲ့ မိုးဇလ က ထုတ်ပြန်ထားပါတယ်။
 
ပုံမှန်အားဖြင့် မြန်မာကမ်းရိုးတန်းကို မုန်တိုင်းမဖြတ်မီ (၁၂)နာရီအလိုမှသာ အနီရောင်အဆင့် သတ်မှတ်လေ့ရှိပေမယ့် အခု မိုခါမုန်တိုင်းဟာ စစ်တွေမြို့အနီးကနေ အားအလွန်ကောင်းတဲ့ အဆင့်နဲ့ဖြတ်ကျော်နိုင်လို့ အနီရောင်အဆင့်သတ်မှတ်လိုက်တယ်လို့ စစ်ကောင်စီရဲ့ မိုးဇလက ဒီကနေ့မနက်မှာ ထုတ်ပြန်ထားပါတယ်။
 
ဒါ့အပြင် အဲဒီမုန်တိုင်းဟာ ချင်းပြည်နယ်၊ မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းတို့ဆီကို အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းအဖြစ်နဲ့ ဆက်လက်ရွေ့လျားနိုင်တယ်လို့ မိုးဇလက သတိပေးထားပါတယ်။ 
ဓာတ်ပုံ – CJ