လက်နက်နဲ့ အလင်းဝင်ရင်ဆုကြေးပေးမယ်လို့ စစ်ကောင်စီမက်လုံးပေး၊လက်နက်ရှိသူတွေလည်း လိုင်စင်လျှောက်ဖို့လည်းကြေညာ

မေ ၊ ၁၀

အာဏာသိမ်းပြီးနောက် ရိုးရာ အမဲလိုက် တူမီးသေနတ်တွေကစလို့ လက်လုပ်သေနတ်၊လေသေနတ်တွေကို ပြန် အပ်ခိုင်းတာ၊ဖမ်းဆီးအရေးယူတာတွေ ဆက်တိုက်လုပ်နေတဲ့ စစ်ကောင်စီကလက်ရှိမှာတော့ လက်နက်တွေနဲ့ အ တူအလင်းဝင်လာသူတွေကို ယူလာတဲ့ လက်နက်ခဲယမ်းတွေအပေါ် မူတည်ပြီး ဆုကြေးပေးမယ်လို့ မက်လုံးပေး ထုတ်ပြန်လာပါတယ်။

အာဏာသိမ်းကာလ နှစ်နှစ်ကျော်အကြာ လက်နက်ကိုင်ခုခံတော်လှန်မှုတွေအားကောင်းလာချိန်မှာ စစ်ကောင်စီ က အဲ့ဒီလိုမက်လုံးပေးတဲ့နည်းကို ပထမဆုံးအကြိမ် အဖြစ်  ဒီကနေ့နိုင်ငံပိုင်သတင်းစာတွေကနေ ထုတ်ပြန်ကြေ ညာလာတာဖြစ်ပါတယ်။

“သူတို့ဆီ လက်နက်ချအလင်းဝင်တာမျိုးတွေရှိတယ်၊ မပြောပလောက်တဲ့ပမာဏပါ၊သူတို့ ဘက်က မျက်နှာ ပန်းလှအောင် လုပ်ချင်တာ လုပ်နေတာပဲ၊ PDF တွေကို သူတို့ ဘယ်လိုမှ စည်းရုံးလို့ ရတော့မှာ မဟုတ် တော့ဘူး၊ နောက်တခုက သူတို့လူတွေကို အကာအကွယ်ပေးနိုင်ဖို့အတွက်ရယ်၊ လက်နက်အဝင်အထွက် စာရင်း တွေကို မှတ်တမ်းယူပြီး တော်လှန်ရေးအဖွဲ့တွေကို လိုက်ဖမ်းမယ်၊ဒါပဲ သူတို့ရဲ့ ရည်ရွယ်ချက်က” လို့ မွန်ပြည် နယ်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက သူ့အမြင်ကို ပြောပါတယ်။

လက်နက်ကိုင်ဆန့်ကျင်နေသူတွေအနေနဲ့ လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာရင် လက်နက်အမျိုး အစား အလိုက် ဆုကြေးတွေပေးမှာဖြစ်တယ်လို့ စစ်ကောင်စီကဆိုပါတယ်။ဒါပေမယ့် လူသတ်မှု၊မုဒိမ်းမှု၊သူတပါးအပေါ် ထိခိုက်နစ်နာစေမှုကျူးလွန်ထားရင်တော့ ဥပဒေအရအမှုရင်ဆိုင်ဖြေရှင်းရမှာဖြစ်ပြီး ဥပဒေကြောင်းအရ လိုအပ်တဲ့ ဖြေလျှော့မှုတွေပေးမယ်လို့လည်း ဆိုထားပါတယ်။

 အဲ့ဒီထုတ်ပြန်ချက်အရ ရိုင်ဖယ်အုပ်စုဝင် သေနတ်တလက်အတွက် ကျပ်သိန်းငါးဆယ်၊ပစ္စတိုအုပ်စုဝင်သေနတ်တ လက်အတွက် ကျပ်သိန်း(၂၀)၊ပြောင်းချောသေနတ်တလက် ကျပ်သိန်း(၃၀)၊စိန်ပြောင်း၊အာပီဂျီ၊လောင်ချာ စတဲ့ လက်နက်ကြီးတွေကိုတော့ ကျပ်(၇၅)သိန်း၊ဆုကြေးပေးမယ်လို့ ဆိုပါတယ်။

ဒါ့အပြင် လက်လုပ်သေနတ်နဲ့ လက်နက်ကြီးတွေအတွက် ကျပ်ငါးသိန်း၊လက်လုပ်မိုင်းနဲ့ လက်ပစ်ဗုံးတွေယူလာရင် ကျပ်သုံးသိန်း၊စကားပြောစက်လို အခြားစစ်ဘက်အသုံးအဆောင်တွေအတွက်ကိုတော့ ကျပ်နှစ်သိန်းဆုကြေးပေး မယ်လို့လည်း ဖော်ပြထားပါတယ်။

စစ်အာဏာသိမ်းပြီးနောက် လက်နက်ခဲယမ်းတွေနဲ့အတူ ပြည်သူ့ရင်ခွင့်ခိုလှုံလာတဲ့ စစ်ကောင်စီလက် အောက်ခံ တပ်ဖွဲ့ဝင်တွေကို တော်လှန်ရေး အင်အားစုတွေက ဆုကြေးပေးတဲ့နည်းကျင့်သုံးခဲ့တာ ကြာပြီဖြစ်ပေမယ့် စစ် ကောင်စီကတော့ ပထမဆုံးအကြိမ်အဖြစ် အခုလို ထုတ်ပြန်လာတာပါ။

စစ်ကောင်စီက အခုလို ထုတ်ပြန်ပေမယ့် လက်ရှိနိုင်ငံတဝန်းက လက်နက်ကိုင်ခုံတော်လှန်နေသူတွေအနေနဲ့ အဲ့ဒီလိုမက်လုံးပေးမှုကြောင့် စစ်အုပ်စုလက်အောက်ပြန်လည်ခိုလှုံကြမှာမဟုတ်သလို စစ်အုပ်စုရဲ့မက်လုံးပေး ကမ်းလှမ်းမှုဟာလည်း အတုအယောင်သာဖြစ်တယ်လို့ 96 Soldiers(အညာဒေသတပ်ခွဲ)က ကိုဇေယျာလွင်က ပြောပါတယ်။

“ပြည်သူတွေ မဲပေးထားတဲ့ အစိုးရကိုတောင် ဖမ်းပြီးတော့ အာဏာသိမ်းထားခဲ့တဲ့ စစ်တပ်ကို ကျွန်တော်တို့ က ဘာကို မျှော်လင့်ရမှာတုန်း၊ ဘာမှ မျှော်လင့်ချက်မရှိတဲ့ ဒီလိုကမ်းလှမ်းမှုမျိုးက ပြန်လာပါဆိုတဲ့ ပြောဆို မှုတွေက အဲဒါတွေ အကုန်လုံးက အတုအယောင်တွေပါပဲ” လို့ သူကဝေဖန်ပါတယ်။

ဒါ့အပြင် လက်ရှိ ပြည်တွင်းမှာ လက်နက်ကိုင်ဆောင်ထားသူတွေအနေနဲ့ လက်နက်ရရှိတဲ့မူရင်းဇစ်မြစ်ကို ပြောစ ရာမလိုဘဲ လိုင်စင်နဲ့ကိုင်ဆောင်ဖို့ လျှောက်ထားနိုင်တယ်လို့လည်း စစ်ကောင်စီက ထုတ်ပြန်ထားပါသေးတယ်။

လုံခြုံရေးကို စိုးရိမ်နေကြတဲ့ ပြည်သူလူထုတွေဟာ လက်နက်ခဲယမ်းတွေကို နည်းလမ်းမျိုးစုံနဲ့ ရှာဖွေကာ တရားမ ဝင်ကိုင်ဆောင်နေ တာကို တွေ့ရှိရတဲ့အတွက် တချိန်ချိန်မှာ တစ်လွဲအသုံးပြုမှုတွေ ဖြစ်ပေါ်လာနိုင်တဲ့အပြင် ဥပ ဒေနဲ့လည်း ညီညွတ်မှု မရှိတဲ့အတွက် အခုလို လိုင်စင်ထုတ်ပေးဖို့ လုပ်ဆောင်တာဖြစ်တယ်လို့ ဆိုထားပါတယ်။

စစ်ကောင်စီက အဲ့ဒီလိုထုတ်ပြန်တာဟာ ပြည်တွင်းမှာ ရှိနေတဲ့ လက်နက်အမျိုးအစားနဲ့ အရေအတွက်၊တည်နေ ရာတွေကို သိရှိဖို့နဲ့ ထိန်းချုပ်နိုင်ဖို့အတွက် ရည်ရွယ်တာဖြစ်တယ်လို့ နိုင်ငံရေးလေ့လာ သုံးသပ်သူတွေက ပြောပါ တယ်။

“အဲလိုလုပ်လိုက်တဲ့အခါမှာ ဘယ်သူတွေ လက်ထဲမှာ ဘယ်လိုလက်နက်မျိုးရှိလဲဆိုတာကို စာရင်းအတိအကျ ရရှိ သွားမယ်၊ ပြီးသွားရင် နောက်ပိုင်းမှာ ဒီလိုမျိုးလက်နက် အင်အားအတိအကျသိတယ်၊ နေရာအတိအကျသိသွားရင် သူတို့အတွက် ထိန်းချုပ်ဖို့ ပိုလွယ်ကူသွားဖို့ပေါ့” လို့သူက ပြောပါတယ်။

ဒါပေမယ့် စစ်ကောင်စီရဲ့ လက်နက်ခဲယမ်းကိုင်ဆောင်ခွင့်မူပါပြဌာန်းချက်တွေအရ အဲ့ဒီလို သွားရောက်အပ်နှံ လျှောက်ထားသူတိုင်းအနေနဲ့ တရားဝင် လိုင်စင်နဲ့ လက်နက်ကိုင်ဆောင်ခွင့်ရမယ်ဆိုတဲ့အာမခံချက်မရှိပါဘူး။

 လာရောက်အပ်နှံပြီး လိုင်စင်လျှောက်ထားလာသူတွေအပေါ် စစ်ကောင်စီက စိစစ်ကာ သတ်မှတ်ချက်နဲ့ ကိုက် ညီမှသာ တရားဝင် လက်နက်ကိုင်ဆောင်ခွင့်ပေးမှာဖြစ်ပြီး သတ်မှတ်ချက်နဲ့မညီကြောင်း ဆုံးဖြတ်ခံရသူတွေက တော့ အပ်နှံလိုက်တဲ့ လက်နက်ကိုပါဆုံးရှုံးရနိုင်ချေလည်းရှိနေပါတယ်။

ဘယ်နေ့မှာ စတင်သက်ရောက်ပြီး အပ်နှံရမယ်လို့ ဖော်ပြထားခြင်းမရှိသေးပေမယ့် သီးခြားထုတ်ပြန်ပေးမယ့် သတ်မှတ်ကာလ အတွင်း လက်နက်ခဲယမ်း အပ်နှံရမှာဖြစ်ပြီး လိုင်စင်လျှောက်ထားမှု မရှိရင် ဖော်ထုတ်ဖမ်း ဆီးကာ ထိရောက်စွာ အရေးယူသွားမယ်လို့ ဆိုပါတယ်။

ဒီလိုမျိုးလက်နက်ခဲယမ်းတွေကို လိုင်စင်ထုတ်ပေးလိုက်မယ်ဆိုရင် အုပ်ချုပ်ရေးနဲ့ စစ်ရေးအပိုင်းမှာ အဆင်ပြေပေ မယ့် အောက်ခြေ လူတန်းစားအနေနဲ့ ကြည့်မယ်ဆိုရင် ဖြစ်ပေါ်လာမယ့်နောက်ဆက်တွဲရလဒ်က အဆိုးဘက်ကို ဦးတည်လာနိုင်တယ်လို့ မွန်ပြည်နယ် အစိုးရအဖွဲ့နဲ့ နီးစပ်တဲ့ဌာနဆိုင်ရာ အရာရှိတဦးက သုံးသပ်ပါတယ်။

“ဘာလို့ဆို လက်နက်ကိုင် ဆောင်မှုရဲ့နောက်ကွယ်က ဖြစ်လာမယ့် ရလဒ်တွေက မကောင်းတဲ့ဘက်ကို ဦးတည် တယ်လို့ ထင်တယ်၊ ဥပမာ- စိတ်အခန့်မသင့်ရင် လုပ်ချင်သလို လုပ်လာနိုင်တယ်၊ လုပ်ပြီးမှ နောင်တရရင် အဲ အမှားက ပြင်လို့မှမရတာ၊ဆုံးရှုံးနစ်နာတဲ့ဘက်ကလည်း မကောင်းဘူး၊ ဒီဘက်လည်း မကောင်းဘူး” လို့ သူက ဆိုပါတယ်။

အာဏာသိမ်းပြီးနောက် လက်နက်ကိုင်ခုခံတော်လှန်မှုတွေနဲ့ ရင်ဆိုင်လာရတဲ့ စစ်ကောင်စီဟာ လက်အောက်ခံ အုပ်ချုပ်ရေးအဖွဲ့ဝင်တွေနဲ့ စစ်အုပ်စုထောက်ခံတဲ့ ပြည်သူ့စစ်အမည်ခံ အဖွဲ့တွေကို အစောပိုင်းကာလတွေက တည်းက လက်နက်တွေ တပ်ဆင်ပေးထားသလို ဝန်ထမ်းတွေနဲ့ သာမန်အရပ်သားတွေပါ တရားဝင် လက်နက် ကိုင်ဆောင်ခွင့်ရှိတဲ့ မူတရပ်ကိုလည်း အခုနှစ်ဆန်းပိုင်းမှာ အတည်ပြုထုတ်ပြန်ခဲ့ပါတယ်။

အဲဒီမူအရ လုံခြုံရေးအတွက် အမှန်တကယ် လက်နက်ကိုင်ဆောင်ဖို့ လိုအပ်သူကိုသာ လိုင်စင်ထုတ်ပေးမှာ ဖြစ် တယ်လို့ ဖော်ပြထားပါတယ်။

KNLA တပ်ဖွဲ့ဆီ လက်နက်ချခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့