ဗီဇာမဲ့ မြန်မာမိဘတွေကမွေးဖွားတဲ့ ကလေးတွေကို စစ်ကောင်စီရဲ့တောင်ကိုရီးယားနိုင်ငံဆိုင်ရာသံရုံးက နိုင်ငံသားအဖြစ် အသိအမှတ်ပြုဖို့ ငြင်းဆန်နေ

မေ၊ ၉
 
တောင်ကိုရီးယားနိုင်ငံရောက် ဗီဇာမဲ့မြန်မာမိဘတွေက မွေးဖွားတဲ့သားသမီးတွေကို စစ်ကောင်စီသံရုံးက နိုင်ငံသားအဖြစ် အသိမှတ်မပြုဘဲ ငြင်းဆန်နေတာကြောင့် အခက်တွေ့နေကြရပြီး အဲ့ဒီကိစ္စနဲ့ပတ်သက်လို့ ကိုရီးယားအစိုးရ တာဝန်ရှိသူတွေနဲ့ ဆွေးနွေးနေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ရဲ့ တောင်ကိုရီးယားနိုင်ငံဆိုင်ရာကိုယ်စားလှယ် ဦးရန်နိုင်ထွန်းက DNA ကို ပြောပါတယ်။
 
အဲ့ဒီအခြေအနေနဲ့ပတ်သက်လို့ တောင်ကိုရီးယားနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဌာန၊ မြန်မာနိုင်ငံသားများဆိုင်ရာ အကြံပေး မစ္စဂိုမြောင်ဂျင်ဟာ အခုလ ၆ ရက်က စစ်ကောင်စီလက်အောက်ခံ မြန်မာနိုင်ငံသံရုံး တာဝန်ရှိသူတွေနဲ့ သွားရောက်တွေ့ဆုံဆွေးနွေးခဲ့ပေမယ့် ပြေလည်မှုမရခဲ့ဘူးလို့ ဆိုပါတယ်။
 
” ကိုယ့်နိုင်ငံသားတွေကို အခုလို တာဝန်မဲ့တာ စိတ်ပျက်စရာပဲ လို့ သူမကပြောတယ်၊ သံရုံးကိုလည်း အဲဒီလို မလုပ်ပေးနိုင်ဘူးဆိုတဲ့အကြောင်း စာထုတ်လက်မှတ်ထိုးပေးဖို့ တောင်းတော့ ထိုးမပေးနိူင်ဘူး၊ ဒါက မြန်မာအစိုးရရဲ့ ညွန်ကြားချက်ဖြစ်တယ်ဆိုပြီးတော့ သံရုံးက ပြန်ပြောတယ်လို့ ဆိုတယ် ” လို့ ဦးရန်နိုင်ထွန်းက ပြောပြပါတယ်။
 
အဲဒီလို စစ်ကောင်စီသံရုံးက အသိအမှတ်မပြုတာကြောင့် တောင်ကိုရီးယားနိုင်ငံမှာ မွေးဖွားတဲ့ မြန်မာကလေးတွေအနေနဲ့ နိုင်ငံသားဖြစ်မှု အထောက်အထား မပြနိုင်တဲ့အတွက် တောင်ကိုရီးယားအစိုးရအနေနဲ့ နေထိုင်ခွင့်ဗီဇာ ထုတ်ပေးဖို့မှာလည်း အခက်ဖြစ်နေစေတယ်လို့ ဆိုပါတယ်။
 
အဲ့ဒါကြောင့် ​တောင်ကိုရီးယားနိုင်ငံရောက် မြန်မာနိူင်ငံသားတွေရဲ့ လဝက ဆိုင်ရာ ကိစ္စတွေမှာ NUG ကိုယ်စားလှယ်ရုံးနဲ့ ဆက်ဆံရေးတိုးမြှင့်ပြီး ဆောင်ရွက်ပေးနိုင်မယ့် ကိစ္စရပ်တွေ ပူးပေါင်းဆောင်ရွက်ဖို့ကို နှစ်ဘက်ဆွေးနွေးညှိ နှိုင်းခဲ့ကြတယ်လို့ NUG ရဲ့တောင်ကိုရီးယားကိုယ်စားလှယ်ရုံးက ထုတ်ပြန်ထားပါတယ်။
 
တောင်ကိုရီးယားနိုင်ငံက စစ်ကောင်စီလက်အောက်ခံ သံရုံး၊ စစ်သံရုံးတွေအနေနဲ့ ဒီမိုကရေစီအရေး တက်တက် ကြွကြွလူပ်ရှားနေတဲ့ မြန်မာနိုင်ငံသားတွေကို မှတ်တမ်းယူပြီး ပတ်စ်ပို့သက်တမ်းတိုးမပေးတာ၊ ပတ်စ်ပို့စာအုပ်သိမ်းယူတာတွေလည်း လုပ်နေတယ်လို့ အဲ့ဒီနိုင်ငံရောက် မြန်မာအသိုင်းအဝိုင်းဆီက သိရပါတယ်။
 
အဲဒီလိုပြုမူတာတွေကြောင့် ပတ်စ်ပို့သက်တမ်းကုန်ဆုံးသူတွေဟာ နေထိုင်ခွင့်ဗီဇာသက်တမ်းတိုးလျှောက်ဖို့ အခက်အခဲရှိလာခဲ့ကြပြီး တချို့ကတော့ ဗီဇာမဲ့၊ ဗီဇာသက်တမ်းကျော်ရတဲ့အခြေအနေ ဖြစ်လာခဲ့ကြတယ်လို့ ဆိုပါတယ်။
 
တောင်ကိုရီးယားအစိုးရဟာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံရေးအခြေအနေအရ ပတ်စ်ပို့သက်တမ်း ကုန်ပြီးသူတွေကို အထူးနေထိုင်ခွင့်ဗီဇာ (G1-99)စိစစ်ထုတ်ပေးနေတာကြောင့် ပတ်စ်ပို့သက်တမ်းကုန်သွားသူတွေအနေနဲ့ ဆက်လက်နေထိုင်ခွင့်ရနေကြတာဖြစ်တယ်လို့ အဲ့ဒီနိုင်ငံရောက် မြန်မာ့အရေးတက်ကြွလူပ်ရှားသူတဦးက ပြောပါတယ်။
 
” စစ်ကောင်စီပတ်စ်ပို့သက်တမ်းမရှိလည်း ကိုရီးယားအစိုးရရဲ့ စာနာမှုအရ မြန်မာနိုင်ငံတည်ငြိမ်မှု မရှိမချင်းဆက်ပြီး နေထိုင်ခွင့်ရတယ်၊ ဒါပေမယ့် အကြောင်းကိစ္စနဲ့ တခြားနိုင်ငံတခုကို ထွက်ဖို့ဆိုရင် ပတ်စ်ပို့က ပြသနာအနေနဲ့ ရှိနေတယ် ” လို့ သူကပြောပါတယ်။
 
တောင်ကိုရီးနိုင်ငံမှာ တရားဝင်နေထိုင်နေကြတဲ့ မြန်မာနိုင်ငံသားဦးရေ ငါးသောင်းနီးပါးရှိပြီး အများစုက EPS စနစ်နဲ့ ရောက်ရှိ အလုပ်လုပ်ကိုင်သူတွေ၊ ကျောင်းတက်ဖို့ရောက်နေသူတွေဖြစ်ပါတယ်။
 
အဲဒီနိုင်ငံရောက်မြန်မာတွေဟာ အာဏာရှင်ဆန့်ကျင်ရေးမှာ တက်ကြွစွာပါဝင်လူပ်ရှားနေသလို တောင်ကိုရီးယားအစိုးရ၊ နိူင်ငံရေးအသိုင်းအဝိုင်းနဲ့ ပြည်သူတွေကလည်း အားပေးဝန်းရံမှုတွေရှိနေတယ်လို့ ဦးရန်နိုင်ထွန်းက ပြောပါတယ်။ 
ဓာတ်ပုံ – Social Media
ပုံစာ – မြန်မာနိုင်ငံသားတွေနဲ့ တောင်ကိုရီးယားနိုင်ငံသားတွေပူးပေါင်းပြီး စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြနေကြစဉ်။