CDF-Senthang အမှုဆောင်ရုံးဗုံးကြဲခံရလို့ လက် ထောက်အတွင်းရေးမှူးအပါအဝင်နှစ်ဦးကျဆုံး

မေ ၊ ၉

ချင်းပြည်နယ်၊ဟားခါးမြို့နယ်က ခွါပီးကျေးရွာနဲ့ အဲ့ဒီရွာအနီးက CDF Senthang ဗဟိုအလုပ် အမှု ဆောင် ကောင်စီရုံးတို့ ကိုမေလ ၈ရက် ညနေ ၅ နာရီဝန်းကျင်မှာ စစ်ကောင်စီကလေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့လက်ထောက်အထွေထွေအတွင်းရေးမှူးအပါအဝင်နှစ်ဦးကျဆုံးပြီး သုံးဦးဒဏ်ရာ ရတယ်လို့ CDF Senthang ဆီကသိရပါတယ်။

” နေအိမ်သုံးလုံးလေးလုံးကပြတင်းမှန်တွေကွဲတယ်၊ လက်ထောက်အထွေထွေအတွင်းရေးမှူးကျဆုံးတာဟုတ်ပါတယ်” လို့ CDF – Senthang တာဝန်ရှိသူတဦးက DNA ကိုပြောပါတယ်။

ချင်းတော်လှန်ရေးတပ်ဖွဲ့တခုဖြစ်တဲ့ CDF- Senthang ဟာ ဟားခါးမြို့နယ်အတွင်းက Senthang လူမျိုးစုတွေ နေထိုင်ရာနယ်မြေမှာ အခြေစိုက်တာဖြစ်ပါတယ်။

စစ်ကောင်စီဟာ ခွာပီးကျေးရွာကို Mi-35 ရဟတ် ယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့သလို CDF-Senthang ရဲ့ ဗဟိုအလုပ်အမှုဆောင်ကောင်စီရုံးကိုလည်း ဗုံး ကြဲတိုက်ခိုက်ခဲ့တယ်လို့ အဲ့ဒီတပ်ဖွဲ့က ထုတ်ပြန် ထားပါတယ်။

တိုက်ခိုက်ခံရမှုကြောင့်လက်ထောက်အထွေထွေအတွင်းရေးမှူးSalai Siang Cung Hninနဲ့ တပ်ခွဲမှူး Salai Duh Lian Hmung တို့ ကျဆုံးခဲ့တယ်လို့ CDF-Senthang က ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီဟာ  ဟားခါးမြို့နယ် ဖိုင်ဖာ(Phaipha) ကျေးရွာနဲ့ဆူရ်းခွါ(Surkhua) ကျေးရွာတို့ကိုလည်း မေ ၈ ရက်နေ့ညနေပိုင်းမှာပဲ ဗုံးခြောက်ကြိမ်ကြဲချခဲ့တယ်လို့ ​သေတွင်းသတင်းရင်းမြစ်တွေဆီကသိရပါတယ်။ အဆိုပါကျေးရွာနှစ်ရွာက ထိခိုက်ပျက်စီးမှုတွေကို​တော့ မသိရသေးပါဘူး။

” ကျွန်တော်တို့ချင်းပြည်နယ်မှာတော့ လုံခြုံတဲ့နေရာဆိုတာမရှိတော့ပါဘူး၊သူတို့အာဏာအတွက် ပြည်သူတွေကိုထိခိုက်အောင်လုပ်နေတာကို ပြည်သူတွေကလည်းဝိုင်းဝန်းရှူတ်ချရမယ်၊ နိုင်ငံတကာကလည်း ထိထိရောက်ရောက်လုပ်ဖို့လိုမယ်” လို့ စစ်ကောင်စီက ချင်းပြည်နယ်က ကျေးရွာတွေအပေါ် ဆက်တိုက်ဗုံးကြဲတိုက်ခိုက်နေတာနဲ့ပတ်သက်ပြီး CDF – Senthang တာဝန်ရှိသူတဦးကပြောပါတယ်။ 

အခုနှစ်မတ်လနဲ့ ဧပြလ နှစ်လအတွင်း ချင်း ပြည် နယ်မှာစစ်ကောင်စီက တိုက်လေယာဥ်နဲ့ ဗုံးအလုံးပေါင်း(၁၂၁) လုံးကြဲချခဲ့တယ်လို့ Chin National Front က ထုတ်ပြန်ထားပါတယ်။

 စစ်ကောင်စီကကြဲချတဲ့ဗုံးတွေထဲမှာ (၂၂) လုံးက   ကျေးရွာလေးရွာအတွင်း  ကျရောက်ပေါက်ကွဲပြီး ကျန်(၉၉)လုံးကတော့ကျေးရွာအနီးဝန်းကျင်တွေမှာ ကျရောက်ပေါက်ကွဲခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။

 စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် နှစ်လအတွင်း CNAတပ်ဖွဲ့ဝင်  နှစ်ဦး အပါအဝင် ဒေသခံ (၂၄)ဦးသေဆုံးပြီး (၃၃) ဦးဒဏ်ရာရှိခဲ့ကာ ခရစ် ယာန်ဘုရားကျောင်း လေးကျောင်းအပါအဝင် လူနေအိမ် (၅၀)ကျော်ပျက်စီးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

စစ်ကောင်စီဟာ ခုမေလထဲမှာလည်း ချင်းပြည်နယ်ကို လေကြောင်းတိုက်ခိုက်မူတွေဆက်တိုက်ပြုလုပ်နေတာပါ။ ယခုလအတွင်း စစ်ကောင်စီရဲ့ ဗုံးကျဲတိုက်ခိုက်မူတွေကို အဓိကခံနေရတာက ဟားခါးမြို့နယ်ဖြစ်တယ်လို့ တော်လှန်ရေးအင်အားစုတွေကဆိုပါတယ်။ ခုမေလအတွင်း စစ်ကောင်စီဟာ ဟားခါးမြို့နယ်က ကျေးရွာငါးရွာကို ဗုံးကျဲတိုက်ခိုက်ခဲ့ပြီး ဘုရားကျောင်းအပါအဝင် နေအိမ်တွေပျက်စီးခဲ့ရတယ်လို့သိရပါတယ်။