ဒုတိယ ကမ္ဘာစစ်အလွန် ခေတ်ဟောင်း တင့်ကားတွေကို ယူကရိန်း စစ်ပွဲအတွက် ပြန်ထုတ်သုံးလာရတဲ့ ရုရှား

မေ ၊ ၉

စစ်မြေပြင်က ပြုန်းတီးမှုတွေကို အစားထိုး ဖာထေးဖို့အတွက် ရုရှားဟာ ဂိုဒေါင်ထဲ သိမ်းထားရတဲ့ တင့်ကား အဟောင်းတွေကို ရှေ့တန်းမှာ အသုံးပြုဖို့ ပြန်လည် ပို့ဆောင်နေရပါတယ်။

 မတ်လလောက်တုန်းက ထွက်ပေါ်လာတဲ့ ဗီဒီယို တခုထဲမှာတော့ ရုရှားဟာ ဆိုဗီယက်ခေတ်က ထုတ်လုပ်ထားတဲ့ တင့်ကား အဟောင်းတွေကို ရထားတွေပေါ် တင်ဆောင်သွားတာကို တွေ့ခဲ့ရပါတယ်။ အဲဒီ ဗီဒီယိုထဲမှာ အမျိုးသမီး တဦးက တင့်ကားဟောင်းတွေ ဒီလို သယ်ယူနေတာ ဒုတိယအကြိမ်မြောက် ဖြစ်တယ်လို့ ပြောဆိုထားသံကိုလည်း ကြားရပါတယ်။

 ရုရှားဟာ တနှစ်ကျော် ကြာမြင့်လာတဲ့ ကျူးကျော်စစ်မှာ တင့်ကားတွေ အများအပြား ဆုံးရှုံးခဲ့တာကြောင့် အလျဉ်မီအောင် အစားထိုး ဖြည့်ဆည်းပေးနိုင်စွမ်း မရှိဘဲ ရုန်းကန်နေရပါတယ်။ ဒီအခြေအနေကို လက်ပူတိုက် ဖြေရှင်းမှု တခုအဖြစ် ဂိုဒေါင်တွေထဲ သိမ်းဆည်းထားပြီး ဆယ်စုနှစ် အတော်များများစာ အိုမင်းဟောင်းနွမ်းနေတဲ့ တင့်ကားတွေကို ပြန်လည် အသုံးပြုနေရတာ ဖြစ်ပါတယ်။

 အခုအခါ ရုရှားက စစ်မြေပြင်မှာ ပြန်အသုံးပြုနေတဲ့ T-55 တင့်ကားတွေဟာ ဆိုဗီယက် တပ်နီတော်ရဲ့ ခေတ်ဟောင်း ပင်မ တိုက်ပွဲဝင် တင့်ကားတွေ ဖြစ်ခဲ့ဖူးပါတယ်။ အဲဒီ တင့်ကားတွေ တပ်နီတော်မှာ စတင် အသုံးပြုခဲ့တဲ့ အချိန်က ဒုတိယ ကမ္ဘာစစ်အပြီး မြန်မာနိုင်ငံ လွတ်လပ်ရေး ရခဲ့တဲ့ ၁၉၄၈ ခုနှစ်မှာ ဖြစ်ပါတယ်။ တနည်းအားဖြင့် ပြတိုက်ထဲ ပို့ရမယ့် စစ်လက်နက် အဟောင်းအနွမ်းတွေကို ရုရှားက မဖြစ်မနေ ပြန်သုံးနေရတဲ့ အဓိပ္ပါယ်ပါပဲ။

 T-55ဆိုတာ ဒုတိယ ကမ္ဘာစစ်အပြီး စစ်အေးခေတ်မှာ ဆိုဗီယက်က ပထမဆုံး ပွဲထုတ်ခဲ့တဲ့ ပင်မ တိုက်ပွဲဝင် တင့်ကားတွေလို့ သမိုင်းပညာရှင် ဂျွန်ဒီလာနေက ပြောပါတယ်။ အဲဒီ တင့်ကားတွေဟာ မျက်မှောက်ခေတ် စံနှုန်းတွေနဲ့အဆို အင်မတန် ခေတ်နောက်ကျနေပြီ ဖြစ်ပေမယ့် အတိုင်းအတာ တခုထိတော့ ထိရောက်မှု ရှိသေးတယ်လို့ စစ်လက်နက် ပါရဂူတွေက ပြောပါတယ်။ အထူးသဖြင့် အထိုင်ချထားတဲ့ စခန်းတွေကို အကာအကွယ် ပေးတဲ့ ကဏ္ဍမျိုးမှာ T-55တွေက အတော်လေး အသုံးတည့်နိုင်ပါတယ်။

 T-55တွေမှာ မျိုးကွဲတွေ တော်တော်များများ ရှိခဲ့သလို တခေတ် တခါတုန်းက စျေးသက်သာတဲ့၊ ယုံကြည် စိတ်ချရတဲ့၊ အလွယ်တကူ အသုံးပြုနိုင်ပြီး အလွယ်တကူ မွမ်းမံ ထိန်းသိမ်းနိုင်တဲ့ အားသာချက်တွေ ရှိခဲ့ပါတယ်။ စုစုပေါင်း T-55 အစီးရေ ၁ သိန်းကျော် တပ်ဆင် ထုတ်လုပ်ခဲ့ပြီး လက်ရှိ အချိန်ထိ အီဂျစ်၊ တရုတ်နဲ့ ဆူဒန်တို့မှာ အသုံးပြုနေကြဆဲပါ။

 ရုရှားကတော့ ယူကရိန်း စစ်ပွဲအတွက် T-55တွေ ပြန်ထုတ်သုံးနေရတယ် ဆိုတာကို အတိအလင်း ဝန်မခံပါဘူး။ ဒါပေမဲ့ မကြာသေးခင် သီတင်းပတ်တွေအတွင်း ကရင်မလင် နန်းတော်နဲ့ နီးစပ်တဲ့ Blogger တချို့ကပါ ရုရှားထိန်းချုပ်ထားရာ ယူကရိန်း နယ်မြေတွေထဲ ရောက်နေတဲ့ အဲဒီတင့်ကားတွေရဲ့ ဓာတ်ပုံတွေကို ​ဝါဒဖြန့် ပြသလာခဲ့ကြောင်း သိရပါတယ်။