ရန်ကုန်ဆင်ခြေဖုံးမှာ ဘေးတွဲဆိုင်ကယ် ပြေးဆွဲခွင့်ပိတ်လို့ မောင်းနှင်သူတွေနဲ့ဒေသခံတွေ အခက်တွေ့

မေ၊ ၈
 
ရန်ကုန်က ဆင်ခြေဖုံးမြို့နယ်တွေမှာ စစ်ကောင်စီလက်အောက်ခံ ရပ်ကွက်အုပ်ချုပ်ရေးမှုူးရုံးတွေက ဘေးတွဲဆိုင်ကယ်တွေကို လုံးဝပြေးဆွဲခွင့်မပြုတော့ဘူးလို့ ပြီးခဲ့တဲ့ ဧပြီလအစထဲက ကြေငြာချက်တွေထုတ်ပြီး ရပ်ကွက်တွေအနှံ့ လှည့်လည်ကြေငြာမှုတွေ ပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
 
အဲ့ဒီလို ကြေငြာချက်တွေထုတ်ပြီးနောက်ပိုင်း ရပ်ကွက်ထဲမှာပြေးဆွဲနေတဲ့ ဘေးတွဲဆိုင်ကယ်တွေကို နယ်မြေတာဝန်ရှိသူတွေက ဖမ်းဆီးမှုတွေပြုလုပ်ခဲ့ပြီး ငွေဒဏ်ရိုက်တာ၊ ဘေးတွဲကို ဖြုတ်ပြီး ဆိုင်ကယ်ကို သိမ်းသွားတာတွေ လုပ်ဆောင်နေတာကြောင့် ဘေးတွဲမောင်းနှင်သူတွေ အခက်တွေ့နေကြပြီး အရင်လို ဆိုက်ကားတွေသာ ပြန်လည်ပြေးဆွဲနေရတယ်လို့ ဆိုပါတယ်။
 
ဘေးတွဲဆိုင်ကယ်မောင်းနှင်သူတဦးက “ အရင်ကတော့ နားလည်မှုနဲ့ လိုင်းကြေးပေးပြီး ဆွဲပါတယ်။ အခုတော့ အထက်အမိန့်နဲ့ ခွင့်ပြုလို့မရတော့ဘူးလို့ သူတို့ကပြောတယ်။ တော်တော်များများတော့ ဆိုက်ကားလေးတွေ ပြန်ဆွဲနေကြရတယ်။ မြို့နယ်ထဲတော့ နားလည်မှုနဲ့ နယ်မကျော်ဘဲ ပေးမောင်းတဲ့ အနေအထားလေးတွေရှိပေမယ့် တချို့စစ်တဲ့သူတွေက ဆိုးတယ်။ တွေ့တာနဲ့ သူတို့မှာပါတဲ့ စက်နဲ့ ဆိုင်ကယ်ကို ဖြတ်ယူသွားတာမျိုးရှိတယ်ဆိုတော့ မမောင်းရဲကြတော့ဘူးလေ။ ကျနော်တို့အနေနဲ့ ဆိုက်တွဲ မမောင်းရဘူး ဆိုက်ကားဘဲ ပြန်ဆွဲရမယ်ဆိုရင်
ဒီရန်ကုန် နေအပူနဲ့ အတော်လေးဒုက္ခရောက်တယ်။ ခရီးသည်လည်း ဆိုက်ကားစီးရတာ ပင်ပန်းတော့ မစီးချင်ကြတာများတယ်၊ အခေါက်ရေများများမဆွဲနိုင်တဲ့ အခြေအနေမှာ ပိုက်ဆံအရင်လို မရတော့ စားဝတ်နေရေးခက်ခဲသွားတယ် ” လို့ DNA ကိုပြောပါတယ်။
 
စစ်ကောင်စီက ဘေးတွဲဆိုင်ကယ်တွေကို ခွင့်မပြုတော့တာဟာ သူတို့ရဲ့ စခန်းတွေနဲ့ လုံခြုံရေးကင်းတဲတွေကို ဗုံးနဲ့ လာရောက်ပစ်ခတ်မယ့် အန္တရာယ်ကို ကြိုတင်ကာကွယ်နေတာဖြစ်သလို မြို့ပြမှာ ဆိုင်ကယ်ပပျောက်ဖို့ ဦးစားပေးဆောင်ရွက်နေတာဖြစ်တယ်လို့ ရန်ကုန်မြို့ခံတွေက မှတ်ချက်ပေးနေကြပါတယ်။
 
အခုလို ဘေးတွဲဆိုင်ကယ်တွေကို ပြေးဆွဲခွင့်မပေးတဲ့အပေါ် လှိုင်သာယာမြို့ခံတဦးက “ အခုဆို ဆိုက်တွဲတွေကို မတွေ့ရတော့တာများတယ်။ ဆိုက်ကားတွေဘဲ ပြန်တွေ့ရတယ်။ ဒီနေ့ ဈေးမှာကြည့်တော့ ဆိုက်တွဲက တစီးနဲ့ ဆိုက်ကားတွေ တွေ့ရတယ်။ ဆိုက်ကားသမားတွေကလည်း အဝေးကြီးဆို မလိုက်နိုင်ဘူး။ ကျနော်တို့ လှိုင်သာယာက အချို့နေရာတွေမှာ ကားလုံးဝမရှိဘူးလေ။ ဆိုင်ကယ်တွေ ဆိုက်တွဲတွေဘဲ အားကိုးနေရတာဆိုတော့ အခုလိုလုပ်လိုက်တော့ ဒုက္ခတွေရောက်ကြရတာပေါ့ ” လို့ ဆိုပါတယ်။
 
စစ်ကောင်စီလက်အောက်ခံ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွေရဲ့ ဖော်ပြထားတဲ့ သတိပေးစာမှာ ဆိုင်ကယ်တွေကို ဖမ်းမိပါက အပြီးအပိုင်သိမ်းမှာဖြစ်ပြီး မောင်းနှင်ပြေးတာတွေအတွက် ပစ်ခတ်ဖမ်းဆီးသွားမှာဖြစ်တယ်လို့ ရေးသားထားသလို ရပ်ကွက်အနှံ့ လိုက်လံသတိပေးပြောဆိုနေတာတွေ ရှိနေပါတယ်။
 
“ ဒဏ်ငွေက အခုမရတော့ဘူး။ အရင်ကဆိုရင် သူတို့ခိုင်းတာလေးတွေ လုပ်ပေးရတယ်။ တသောင်း၊ နှစ်သောင်းပေးရတယ်ပေါ့နော်။ အခုကျတွေ့ရင် ဆိုင်ကယ်ကို အလယ်ကဖြတ်ယူသွားတယ်။ မတွေ့ရင်ရတယ်၊ တွေ့ပြီဆို ဒီလိုအခြေအနေဖြစ်နေတယ် ” လို့ လှိုင်သာယာမြို့နယ်က ဘေးတွဲဆိုင်ကယ်မောင်းသူတဦးက ပြောပါတယ်။
 
ရန်ကုန်က ဆင်ခြေဖုံးနေထိုင်သူတွေ အားကိုးအားထားပြုရတဲ့ ဘေးတွဲဆိုင်ကယ်မောင်းသူတွေဟာ အခုလိုအခြေအနေမှာ ဆိုက်ကားပြောင်းနင်းလာတာရှိသလို ဖမ်းဆီးသူတွေကို ရှောင်တိမ်းမောင်းနှင်နေတဲ့သူတွေလည်း ရှိတယ်လို့ ဆိုပါတယ်။
 
“ တော်တော်များက ဆိုက်ကားပြန်နင်းကြရတယ်။ အချို့ကလည်း ဒီဘေးတွဲပဲ ပြန်လုပ်တယ်။ အဖမ်းခံရတာလည်း ခံရပေါ့နော် အဲ့လိုမျိုးမောင်းနေကြရတယ် ” လို့လည်း လှိုင်သာယာမြို့နယ်က အခြားဘေးတွဲဆိုင်ကယ်မောင်းသူတဦးက ပြောပါတယ်။
 
ရန်ကုန်တိုင်းဒေသကြီးထဲက တောင်ဒဂုံ၊ သန်လျင်၊ မြောက်ဒဂုံ၊ လှိုင်သာယာ၊ ရွှေပြည်သာ၊ ခရမ်းအပါအဝင် မြို့နယ်အများအပြားဟာ ဘေးတွဲဆိုင်ကယ်တွေကို အဓိကအားထားအသုံးပြုနေကြတာဖြစ်ပါတယ်။ 
ဓာတ်ပုံ – CJ