မြန်မာ့အရေးက အာဆီယံထိပ်သီးညီလာခံမှာ ဦးစားပေးဆွေးနွေးမှုခေါင်းစဉ် ဖြစ်လာမယ်လို့ဆို

မေ၊ ၈

အခုသီတင်းပတ်မှာ ကျင်းပမယ့် အာဆီယံ ထိပ်သီး ညီလာခံမှာ မြန်မာ့ နိုင်ငံရေး အကျပ်အတည်းဟာ အဓိက အကျဆုံး ဆွေးနွေးမှု ခေါင်းစဉ်အဖြစ် ရှိနေလိမ့်မယ်လို့ သံတမန် အသိုက်အဝန်းက ပြောပါတယ်။

အာဆီယံရဲ့ အလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားတဲ့ အင်ဒိုနီးရှား နိုင်ငံမှာ အာဆီယံ အဖွဲ့ဝင် ခေါင်းဆောင်တွေ တွေ့ဆုံတဲ့အခါ စစ်တပ် အာဏာသိမ်းမှုနောက်ပိုင်း မြန်မာနိုင်ငံရဲ့ ဘက်ပေါင်းစုံ ချွတ်ခြုံကျသွားတဲ့ အကျပ်အတည်းတွေနဲ့ ပတ်သက်ပြီး အလေးအနက် ဆွေးနွေးကြဖို့ စီစဉ်ထားကြောင်း သိရပါတယ်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှာ စစ်တပ်ဟာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အရပ်သား အစိုးရကို လက်နက်အားကိုးနဲ့ ဖယ်ရှားပြီး တရားလက်မဲ့ အာဏာသိမ်းခဲ့သလို ပြည်သူလူထုအပေါ် အနိုင်အကျင့် ဖိနှိပ်မှုတွေ၊ သတ်ဖြတ်မှုတွေ ဆက်လက် ကျူးလွန်နေခဲ့ပါတယ်။

အာဆီယံ အဖွဲ့ဟာ မြန်မာ့အရေး ပြေလည်စေရေးအတွက် ဘုံသဘောတူညီချက် ၅ ရပ်ကို အဆိုပြုထားခဲ့ပေမယ့် စစ်ကောင်စီက လိုက်နာ အကောင်အထည်ဖော်မှု လုံးဝနီးပါး မရှိခဲ့တဲ့ အတွက်လည်း အာဆီယံဟာ မြန်မာနိုင်ငံ အကျပ်အတည်းမှာ ဘာမှ ထိထိရောက်ရောက် ဆောင်ရွက်နိုင်စွမ်း မရှိဘူးလို့ ဝေဖန် ခံနေရပါတယ်။

မေလ ၉ ရက်ကနေ ၁၁ ရက်ထိ အင်ဒိုနီးရှားပိုင် ဖလောရက်စ်ကျွန်းမှာ ပြုလုပ်မယ့် အာဆီယံ ထိပ်သီး ညီလာခံမှာတော့ မြန်မာ့ ပြဿနာဟာ ဦးစားပေး ဆွေးနွေးမယ့် အရေးကိစ္စ ဖြစ်လာမယ်လို့ သံတမန် အသိုက်အဝန်းက Bangkok Post သတင်းဌာနဆီ မှတ်ချက်ပေး ပြောဆိုခဲ့ပါတယ်။

အထူးသဖြင့် ပဇီကြီး ကျေးရွာမှာ အပြစ်မဲ့ပြည်သူ ရာနဲ့ချီပြီး သေဆုံးစေခဲ့တဲ့ စစ်ကောင်စီရဲ့ လေကြောင်း တိုက်ခိုက်မှုကို အာဆီယံ အဖွဲ့ဝင် နိုင်ငံတွေက ပြင်းပြင်းထန်ထန် တညီတညွတ်တည်း ရှုတ်ချကြဖွယ် ရှိတယ်လို့လည်း သိရပါတယ်။ နောက်ပြီး ညီလာခံ ပြီးဆုံးချိန် သဘောထား ကြေညာချက်မှာလည်း မြန်မာနိုင်ငံထဲက အကြမ်းဖက်မှုတွေ ချက်ချင်း ရပ်ဆိုင်းရေး စုပေါင်း တောင်းဆိုသွားဖို့ ရည်ရွယ်ထားကြောင်း AFP သတင်းဌာနက ရရှိတဲ့ ကြေညာချက် မူကြမ်းတွေအရ သိရပါတယ်။

မြန်မာနိုင်ငံဟာ အာဆီယံ အဖွဲ့ဝင်အဖြစ် ဆက်ရှိနေတဲ့တိုင် အဖွဲ့က အဆိုပြုတဲ့ ငြိမ်းချမ်းရေး အစီအမံတွေကို စစ်ကောင်စီက အကောင်အထည်ဖော်ဖို့ ပျက်ကွက်ခဲ့တဲ့နောက် ထိပ်သီး အစည်းအဝေးတွေမှာ မြန်မာ့ နိုင်ငံရေး ကိုယ်စားလှယ်တွေ တက်ရောက်ခွင့်ကို အာဆီယံက တားမြစ် ပိတ်ပင်ထားပါတယ်။

အစောပိုင်းမှာတော့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီ ရတ်နို မာဆူဒီက အာဆီယံ ဥက္ကဋ္ဌ အနေနဲ့ အင်ဒိုနီးရှားဟာ မြန်မာ့ နိုင်ငံရေး နယ်ပယ်မှာ အရေးပါတဲ့ အဖွဲ့အစည်း အားလုံးနဲ့ နောက်ကွယ်မှာ သိုသိုသိပ်သိပ် ဆွေးနွေးမှုတွေ လုပ်ဆောင်နေကြောင်း ပြောကြားထားပါတယ်။ ရတ်နိုက စစ်ကောင်စီအပြင် အင်အားကြီး တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေနဲ့ အမျိုးသား ညီညွတ်ရေး အစိုးရ (NUG)လည်း ပါဝင်တယ်လို့ အတည်ပြုထားပါတယ်။

စင်ကာပူ နိုင်ငံခြားရေး ဝန်ကြီး ဗီဗီယန် ဘာလက်ခ်ရစ်ရှ်နန်ကတော့ မြန်မာ့အရေး ချဉ်းကပ် အဖြေရှာမှုတွေမှာ သတိကြီးကြီးထားပြီး မဟာဗျူဟာမြောက် စိတ်ရှည် သည်းခံမှုမျိုး အရေးတကြီး လိုအပ်တယ်လို့ ပြောပါတယ်။ နိုင်ငံ တခုချင်း အနေနဲ့ ဖြစ်ဖြစ်၊ အာဆီယံ အနေနဲ့ ပူးပေါင်း ဆုံးဖြတ်တာပဲဖြစ်ဖြစ်၊ ရွေးချယ်မှုတိုင်းမှာ အခြေအနေ ပိုဆိုးမသွားဖို့၊ ပြီးတော့ မြန်မာစစ်တပ်က ကျဉ်းမြောင်းတဲ့ ကိုယ်ကျိုး ဖက်တွယ်မှု ဝါဒ တခုတည်းကို အခြေခံပြီး သွေးချောင်းစီး လုပ်ရပ်တွေ ထပ်မကျူးလွန်နိုင်တာ သေချာဖို့ အရေးကြီးတယ်လို့ ဘာလက်ခ်ရစ်ရှ်နန်က ပြောပါတယ်။

အာဆီယံ ညီလာခံမှာ မြန်မာ့အရေးအပြင် နောက်ထပ် ဆွေးနွေးမယ့် အရေးကြီး ပြဿနာ တခုကတော့ တောင်တရုတ်ပင်လယ် ရေပိုင်နက် အငြင်းပွားမှုပဲ ဖြစ်ပါတယ်။ အာဆီယံ အဖွဲ့ဝင် နိုင်ငံတချို့ဟာ တရုတ်နဲ့ ရေပိုင်နက် အငြင်းပွားမှုတွေ ကာလရှည်ကြာ ဖြစ်ပေါ်နေပြီး လက်ရှိ အချိန်ထိ ထိထိရောက်ရောက် ညှိနှိုင်းဖြေရှင်းနိုင်စွမ်း မရှိသေးပါဘူး။ အခု အစည်းအဝေးမှာ အင်ဒိုနီးရှား သမ္မတ ဂျိုကို ဝီဒိုဒိုက အရှေ့တီမောကို အာဆီယံ အဖွဲ့ဝင်သစ် အနေနဲ့ လက်ခံရေး လမ်းပြမြေပုံ တရပ်ကို အဆိုပြု တင်သွင်းဖွယ် ရှိနေကြောင်းလည်း သိရပါတယ်။

 

Ref: Bangkok Post