ဘာသာရေးလွတ်လပ်ခွင့်မရှိတဲ့နိုင်ငံစာရင်းထဲ မြန်မာကို ဆက်ထည့်သွင်း

၁၈၊ နိုဝင်ဘာလ၊ ၂၀၂၁။

အမေရိကန်နိုင်ငံခြားရေးဌာနက သတ်မှတ်တဲ့ကမ္ဘာတစ်ဝန်းက ဘာသာရေးလွတ်လပ်ခွင့် မရှိတဲ့နိုင်ငံစာရင်းထဲ မြန်မာနိုင်ငံကို ဆက်လက် ထည့်သွင်းထားပါတယ်။

နိုင်ငံတကာ ဘာသာရေး လွတ်လပ်ခွင့်ဆိုင်ရာ အက်ဥပဒေအရ ဘာသာရေး လွတ်လပ်ခွင့် ချိုးဖောက်တဲ့ အစိုးရတွေ၊ အဖွဲ့အစည်းတွေကို အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးက နှစ်စဉ်သတ်မှတ်တာဖြစ်ပါတယ်။

အမေရိကန် ပြည်ထောင်စု ၊နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့် ကော်မရှင်ရဲ့ အခုလဆန်းမှာ ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာမှာ မြန်မာနိုင်ငံဟာ အရင်ကတည်းက ဘာသာရေးလွတ်လပ်ခွင့် နိမ့်ကျနေတဲ့ တိုင်းရင်းသားဒေသတွေမှာ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက်ပိုင်း အခြေအနေတွေ ပိုဆိုးလာတယ်လို့ဖော်ပြခဲ့ပါတယ်။

ဒါ့ကြောင့်လူနည်းစု ဘာသာဝင်တွေအပေါ် ဖိနှိပ်မှုတွေ ရှိနေတဲ့ မြန်မာနိုင်ငံကို အထူးစိုးရိမ်ရနိုင်ငံစာရင်းမှာ ဆက်လက် ထည့်သွင်းဖို့လည်း နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့် ကော်မရှင်က တိုက်တွန်းခဲ့ပါတယ်။

မြန်မာ၊ တရုတ်၊ ရုရှား၊ မြောက်ကိုရီးယား၊ အီရန် အပါအဝင် နိုင်ငံပေါင်း ၁၀ နိုင်ငံဟာ ဘာသာရေး လွတ်လပ်ခွင့် ချိုးဖောက်မှုတွေကို စနစ်တကျ ကျုးလွန်ရာမှာ ပါဝင်ပတ်သက်နေတာ၊ ဒါမှမဟုတ် လက်ခံထားတာကြောင့် စိုးရိမ်စရာ နိုင်ငံတွေအဖြစ် သတ်မှတ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken ကနိုဝင်ဘာ၁၇ ရက်မှာ ကြေညာချက်ထုတ်ပြန်ခဲ့တယ်လို့ VOA ကဖော်ပြပါတယ်။

ဘာသာရေး လွတ်လပ်ခွင့် ချိုးဖောက်တဲ့ အစိုးရတွေအနေနဲ့ အားနည်းချက်တွေ၊ ဥပဒေတွေကို ပြင်ဆင်ပြီး အခြေအနေတွေ တိုးတက်လာအောင် အမေရိကန်က ဖိအားပေးမှာ ဖြစ်သလို၊ ကျုးလွန်သူတွေ တာဝန်ခံမှုရှိအောင် ကြိုးပမ်းမှာ ဖြစ်ကြောင်းလည်း နိုင်ငံခြားရေးဝန်ကြီးကပြောပါတယ်။