မေ၊ ၈
ပဲခူးတိုင်း၊ ပြည်မြို့မှာ ကိုဗစ် ၁၉ ရောဂါဖြစ်ပွားပြီး မနေ့မေလ ၇ ရက်နေ့ ညနေပိုင်းက အမျိုးသားတဦးဟာ ကုတင် ၅၀၀ ပြည်သူ့ဆေးရုံမှာ သေဆုံးခဲ့တယ်လို့ ဆေးရုံဝန်ထမ်းတွေနဲ့ မြို့ခံပရဟိတအသင်းတွေဆီက သိရပါတယ်။
ပြည်မြို့မှာ ကိုဗစ်ရောဂါနဲ့သေဆုံးမှုဟာဆိုရင် အခုတကြိမ်နဲ့ဆို ဒုတိယအကြိမ်မြောက်ပြီး ပြီးခဲ့တဲ့ ဧပြီ ၂ ရက်နေ့မှာဆိုရင်လည်း ကိုဗစ်ရောဂါနဲ့ သက်ကြီးရွယ်အိုတဦး သေဆုံးတဲ့ဖြစ်စဉ်ရှိခဲ့တယ်လို့ သိရပါတယ်။
မနေ့ မတ်လ ၇ ရက်ညနေပိုင်းက ကိုဗစ်ရောဂါနဲ့သေဆုံးတဲ့ အမျိုးသားဟာ လည်ချောင်းကင်ဆာ ရောဂါအခံရှိသူလည်း ဖြစ်တယ်လို့ နီးစပ်သူတွေက ပြောဆိုကြပါတယ်။
” အခုသေဆုံးတဲ့သူက လည်ချောင်းကင်ဆာရောဂါရှိတယ်။ ရန်ကုန်မှာလည်း ကုဖူးတယ်။ ပြည်ဆေးရုံကြီးမှာလည်း ကုဖူးတယ်။ ဒီနေ့ အဲ့ဒီရောဂါထပ်လာပြတာ အထူးကုဆရာဝန်ကြီးက ဆေးစစ်ကြည့်တော့ ကိုဗစ်ပိုးပါ ထပ်တွေ့ခဲ့တာပါ ” လို့ ဆေးရုံဝန်ထမ်းတဦးမှ DNA ကိုပြောပါတယ်
သေဆုံးသူမှာ အသက် ၃၆ နှစ်အရွယ် ကိုမင်းအောင်ဆိုသူဖြစ်ပြီး လက်ရှိမှာတော့ ရုပ်အလောင်းကို ခေတ္တရာလူငယ်နာရေးကူညီမှုအသင်းမှ နေချင်းပြီး ပြည်မြို့ အေးငြိမ်းရာသုဿန်မှာ မီးသဂြိုလ်ခဲ့တယ်လို့ သိရပါတယ်။
” ထိစပ်အခြေအနေတွေကို ဘယ်လိုစီစဉ်ဆောင်ရွက်မလည်းတော့ မသိရသေးဘူး။ သေဆုံးသူနဲ့အတူပါလာသူနှစ်ဦးကိုတော့ စောင့်ကြည့်လူနာတွေထားတဲ့ အဆောင်မှာတော့ ခေါ်ထားတယ်။
လူနာအိမ်အဝင်အထွက်ရှိခဲ့တဲ့သူတွေကို အိမ်ထဲက အိမ်ပြင်မထွက်ဖို့ ရပ်ကွက်လူကြီးတွေလာပြောတယ်။ ဆေးစစ်ချက်ယူပေးမှာလားတော့ မသိရသေးဘူး ” လို့လည်း သရက်တောရပ်ကွက် အတွင်းနေထိုင်သူတဦးက ဆိုပါတယ်။
ပြီးခဲ့တဲ့ မေလ ၅ ရက်နေ့က ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ကိုဗစ်ကပ်ရောဂါကို ကမ္ဘာလုံးဆိုင်ရာ အရေးပေါ်အခြေအနေအဖြစ် သတ်မှတ်ကြေညာထားရာကနေ ရုတ်သိမ်းတယ်လို့ ကြေညာထားပါတယ်။
မြန်မာနိုင်ငံမှာတော့ ကိုဗစ်ရောဂါကူးစက်မှုတွေ ပြန်လည်မြင့်တက်လာပြီး သေဆုံးသူ ၂ဦးအထိရှိလာတဲ့အကြောင်း စစ်ကောင်စီကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
ကမ္ဘာတဝှမ်းမှာလည်း အိုမီခရွန် ကိုဗစ်မျိုးကွဲအသစ်တွေ့ရှိနေပြီး ဒီမျိုးကွဲသစ်ဟာ ပိုပြီးကူးစက်နှုန်းမြန်တာကြောင့် ပြည်တွင်းမှာလည်း ကိုဗစ်ကာကွယ်ထိန်းချုပ်နိုင်ရေးလုပ်နိုင်ဖို့ အရှိန်မြှင့်ဆောင်ရွက်မယ့်အကြောင်း စစ်ကောင်စီသတင်းစာတွေမှာ အခုရက်ပိုင်း ဖော်ပြလာကြပါတယ်။
ပြည်တွင်းမှာတော့ ကူးစက်မှုနှုန်းဟာ အခုနှစ်မှာ အများဆုံးဖြစ်ပြီး စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ထားတဲ့ စာရင်းတွေအရ ဧပြီလအစပိုင်းမှာ ကိုဗစ်ရောဂါပိုးငြိမ်နေပြီး သင်္ကြန်ကာလအတွင်းမှာနဲ့ သင်္ကြန်ကာလပြီးနောက်ပိုင်းမှာတော့ တရက်ကို ကိုဗစ်ပိုးတွေ့သူ ဆယ်ဂဏန်းဝန်းကျင်အထိ ရှိခဲ့ပါတယ်။
အခုလို အပူချိန်မြင့်တက်လာတဲ့ အခြေအနေမှာ ကိုဗစ်ရောဂါပိုးကူးစက်ခံထားရသူတွေအနေနဲ့ ယခင်ကထက် ပိုပြီးဆိုးရွားတဲ့ ခန္ဓာကိုယ်နုံးချိတာ၊ အသက်ရှုမဝတာ၊ ပင်ပန်းနွမ်းနယ်တာ၊ အသက်ရှုခက်ခဲတာတွေ ရင်ဆိုင်နေရတယ်လို့ ကိုဗစ်ကူးစက်ခံထားရသူတွေက ဆိုပါတယ်။
ဒါ့အပြင် တွေ့ရှိချက်တွေအရ ကိုဗစ်ရောဂါကာကွယ်ဆေးထိုးနှံထားသူတွေမှာ ရောဂါပြင်းထန်မှု၊ ဆေးရုံတက်ရောက်ကုသခံရမှုနဲ့ သေဆုံးမှုကိုလျော့ချနိုင်တဲ့အတွက် ထပ်ဆောင်းကာကွယ်ဆေးတွေထိုးဖို့ကိုလည်း ကျန်းမာရေးဝန်ထမ်းတွေက တိုက်တွန်းထားပါတယ်။
ဓာတ်ပုံ – နှလုံးလှ နားရေးကူညီမှုအသင်း