စစ်ကောင်စီရဲ့ ဗျူဟာစခန်းကိုတိုက်ခိုက်မှုအတွင်း စစ်ဗျူဟာမှူးအပါအဝင် သုံးဦးသေဆုံးတယ်လို့ CDF မတူပီပြော

မေ၊ ၆
 
ချင်းပြည်နယ်၊ မတူပီ- ဟားခါးလမ်းမပေါ်က စစ်ကောင်စီရဲ့ စစ်ဗျူဟာဌာနချုပ်စခန်းကို မနေ့က ညနေပိုင်းက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးတဦးအပါအဝင် သုံးဦးသေဆုံးသွားတယ်လို့ ချင်းကာကွယ်ရေးတပ် CDF-မတူပီ၊ စစ်ရေးဌာန ဒု-ဌာနမှူး နွေဦးလင်း က DNA ကို ပြောပါတယ်။
 
“ သူတို့နေရာကို လျှပ်တပြက်ဝင်ပြီးတော့မှ ကြိုတင်စီစဉ်ထားတဲ့အတိုင်း ဝင်စီးနင်းတယ်၊ ကျွန်တော်တို့ပစ်တော့ စစ်ဗျူဟာမှူးတစ်ယောက်ရယ်၊ ဗိုလ်မှူးအဆင့်ရယ်၊ ဗျူဟာမှူးရဲ့ ယာဉ်မောင်းရယ် စုစုပေါင်းသုံးဦး ကျတယ်၊ ရန်သူဆီကနေမှ MA တစ်လက်ရရှိခဲ့ပါတယ် ” လို့ သူကပြောပါတယ်။
 
အဲ့ဒီတိုက်ခိုက်မှုအတွင်း နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုရှိခဲ့ပေမယ့် CDF – မတူပီ တပ်ဖွဲ့ဝင်တွေ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ တိုက်ခိုက်မှုဖြစ်စဉ်အတွင်း ထိခိုက်သေဆုံးမှုအခြေအနေတွေကို DNA က သီးခြားအတည်မပြုနိုင်ပါဘူး။
 
“ ဒီတော်လှန်ရေးက အရှိန်မြင့်လာတဲ့နည်းတူ စကစနဲ့ပတ်သက်တဲ့ ယန္တရားတွေ လည်ပတ်ဖို့ ထောက်ခံတဲ့ ဘယ်သူမဆို ကျွန်တော်တို့က ဘယ်နေရာမှာမဆို အချိန်မရွေး ဝင်ရောက်ပြီးတော့ သုတ်သင်ရှင်းလင်းနိုင်တယ်ဆိုတဲ့ မက်ဆေ့စကားကိုလည်း ပေးချင်ပါတယ်၊ တော်လှန်ရေးအချိန်ဖြစ်တဲ့အတွက် ပြည်သူတွေအနေနဲ့လည်း ကျွန်တော်တို့ တော်လှန်ရေးကို ဆက်လက်ပြီးပူးပေါင်းပေးပါ ” လို့ ချင်းကာကွယ်ရေးတပ်ဖွဲ့- မတူပီ၊ စစ်ရေးဌာန၊ ဒု-ဌာနမှူး နွေဦးလင်းက ပြောပါတယ်။
 
အဲဒီတိုက်ခိုက်မှုကို ချင်းကာကွယ်ရေးတပ် – မတူပီ တပ်ရင်း (၁) လင်းယုန်တပ်ရင်းမှ အထူးစစ်ဆင်ရေးအဖြစ် ဆောင်ရွက်ခဲ့တာလို့ ဆိုပါတယ်။
 
မတူပီမြို့နယ်အတွင်းက စစ်ကောင်စီရဲ့စစ်ယန္တရားတွေ လည်ပတ်နိုင်ရေး အထောက်အကူဖြစ်စေတဲ့ ရွေးကောက်ပွဲကော်မရှင်တွေ၊ ရုံးဝန်ထမ်းတွေနဲ့ တခြားစစ်ကောင်စီလက်အောက်ခံဝန်ထမ်းတွေကို ပြင်းပြင်းထန်ထန်အရေးယူသွားမယ်လို့ ချင်းကာကွယ်ရေးတပ် – မတူပီ က ထုတ်ပြန်ထားပါတယ်။
 
အာဏာသိမ်းပြီးနောက် ချင်းပြည်နယ်က မြို့နယ်အားလုံးမှာ စစ်ကောင်စီကို လက်နက်ကိုင်ခုခံတော်လှန်မှုတွေ ရှိလာပြီး လက်ရှိမှာလည်း ချင်းတောင်ပေါ် တက်လာတဲ့ စစ်ယာဉ်တန်းတွေဟာ ချင်းကာကွယ်ရေးတပ်တွေရဲ့ တိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးမှုများနေတယ်လို့ ဒေသအခြေစိုက် တော်လှန်ရေးအင်အားစုတွေက ပြောထားပါတယ်။ 
ဓာတ်ပုံ – CDF မတူပီ