မကြာခင်လာမယ့် ဆိုင်ကလုန်းမုန်တိုင်းကို မိုချာလို့ အမည်ပေးမယ်

မေ ၊ ၅

ဘင်္ဂလားပင်လယ်ထဲမှာ စတင်အခြေတည်နေပြီး မကြာခင်မှာ လေဖိအားနည်းရပ်ဝန်းကနေ ဆိုင်ကလုန်းအဆင့်အထိရောက်လာမယ့် မုန်တိုင်းကို ယီမင်နိုင်ငံက အလှည့်ကျ နာမည်ပေးခွင့်ရမှာ ဖြစ်တယ်လို့ နိုင်ငံတကာမိုးလေဝသ စောင့်ကြည့်လေ့လာသူ ဦးဝင်နိုင်က ပြောပါတယ်။

“အိန္ဒိယသမုဒ္ဒရာကြီးနဲ့ ထိစပ်နေတဲ့ နိုင်ငံတွေ အကုန်လုံးက အလှည့်ကျပေးရတာ ၊ ဒီတခေါက်မှာ အလှည့်ကျတာက ယီမင်နိုင်ငံ ပေးထားတဲ့ နာမည်က ရှိတယ် ။ မိုချာဆိုတဲ့ နာမည်(MOCHA)။မိုချာဆိုတာက ယီမင်က ပင်လယ်နီကမ်းခြေက မြို့လေးတမြို့ရဲ့ နာမည် ။ အဲဒီမြို့လေးက ကော်ဖီနဲ့ကျော်ကြားတယ်။ မိုချာကော်ဖီဆိုတာ အဲဒီက ထုတ်တာ” လို့ ပြောပါတယ်။

လက်တလောမှာ နိုင်ငံတကာ မိုးလေဝသစောင့်ကြည့်ရေးစနစ်တွေမှာ ဆိုင်ကလုန်းနဲ့ ပတ်သက်ပြီး သုံးသပ်ချက်တွေ အနည်းငယ် ကွဲပြားလျှက်ရှိနေပြီး မေလ ၈ ရက်နဲ့ ၉ ရက်နေ့တွေမှာဆိုရင် ပိုပြီးတိကျတဲ့ သုံးသပ်ချက်တွေ ထွက်ပေါ်လာမယ့်လို့လည်း သိရပါတယ် ။