မေ၊ ၄
မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်တောင်ပိုင်း မင်းရွာရဲစခန်းက ရဲနှစ်ဦးဟာ မေ ၃ ရက်၊ မနေ့ကညနေပိုင်းမှာ မြစ်သာမြစ်ထဲကိုရေချိုးဆင်းစဥ်မှာ ပစ်ခတ်ခံရပြီးသေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
” ဘယ်လိုပစ်ခတ်သွားတယ်ဆိုတာတော့ အတိအကျမသိဘူးဗျ။စနိုက်ဘာနဲ့အပစ်ခံရတာဖြစ်ဖို့များပါတယ်။ ရဲနှစ်ယောက်သေလို့ ဂန့်ဂေါကနေဒီနေ့ထွက်တဲ့စစ်ကြောင်းက မင်းရွာအရောက်သွားမယ်လို့ခန့်မှန်းနေကြတယ်” လို့ ဂန့်ဂေါမြို့နယ်ဒေသခံတဦးကပြောပါတယ်။
မင်းရွာရဲစခန်းက ရဲနှစ်ယောက်ပစ်ခတ်ခံရပြီးသေဆုံးတာမှန်ကန်တယ်လို့ဂန့်ဂေါမြို့နယ် ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက DNA ကိုအတည်ပြုပြောဆိုထားပါတယ်။
ဒါပေမယ့်ဘယ်အဖွဲ့အစည်းက ပစ်ခတ်တယ်ဆိုတာကိုတော့ သိရှိရခြင်းမရှိသေးပါဘူး။
မင်းရွာဟာ ဂန့်ဂေါမြို့နယ် ၊ဂန့်ဂေါ- ထီးလင်းကားလမ်းမပေါ်ကရွာကြီးတရွာဖြစ်ပြီး စစ်ကောင်စီရဲစခန်းတည်ရှိတဲ့ရွာဖြစ်ပါတယ်။ အဆိုပါစခန်းကို ပြီးခဲ့တဲ့နှစ်က လည်း ဒေသခံကာကွယ်ရေးတပ်တွေက မကြာခဏတိုက်ခိုက်မူပြုလုပ်ခဲ့ကြတယ်လို့သိရပါတယ်။
ဒီကနေ့ မနက်ပိုင်းမှာ ဂန့်ဂေါမြို့ပေါ် စစ်ကောင်စီတပ်က မြို့နယ်တောင်ပိုင်းကို အင်အားတရာဝန်းကျင်နဲ့ စစ်ကြောင်းတကြောင်းထွက်လာပြီး ရဲနှစ်ဦးသေဆုံးခဲ့တဲ့ မင်းရွာအထိသွားနိုင်တယ်လို့ ဒေသခံတွေကယူဆနေကြပါတယ်။
စစ်ကောင်စီစစ်ကြောင်းဟာ ဂန့်ဂေါမြို့အနီးပြားရွာတောင်ဖက်ကနေ မြစ်သာမြစ်အနောက်ဖက်ကို ကူးဖြတ်သွားတယ်လို့သိရပြီး ဂန့်ဂေါမြို့နယ်တောင်ပိုင်းကျေးရွာကပြည်သူတွေသတိထားကြဖို့ ဒေသတွင်းသတင်းတွေအဆက်မပြတ်တင်ဆက်နေတဲ့ ယောအလင်းတန်းကအသိပေးထားပါတယ်။