ကျပ်ဘီလီဘံချီလုယက်ဓားပြတိုက်မှုတွေကျူးလွန်ခဲ့ပြီး လူကိုးဦးသတ်ခဲ့တယ်လို့ဆိုသူလေးဦးကို MNDAAက သေဒဏ်ပေး

မေ၊ ၄

ရှမ်းပြည်နယ် လားရှို့မြို့နဲ့ အနီးတဝိုက်မှာ လူကိုးဦးသတ်ဖြတ်ခဲ့ပြီး လုယက်၊ဓားပြတိုက်၊ပြန်ပေးဆွဲမှု(၂၅)မှုအထိ ကျူး လွန် ခဲ့တဲ့ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ဝင်တဦးအပါအဝင် လေးဦးကို သေဒဏ်ချမှတ် ခဲ့တယ် လို့ ကိုး ကန့်လက်နက်ကိုင်တပ် (MNDAA)က  ဒီကနေ့ ထုတ်ပြန်ပါတယ်။

သေဒဏ်ချမှတ်ခံရသူတွေဟာ အသက်(၁၈)နှစ်ကနေ (၂၉)နှစ်အရွယ်အထိ ပါဝင်တဲ့ တရုတ်လူမျိုး အမျိုးသား တွေ ဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီလေးဦးဟာ နောက်ထပ်ဖမ်းမမိသေးသူတွေနဲ့အတူ ပြန်ပေးဆွဲမှု၊ဓားပြတိုက်မှု၊ လု ယက်မှုတွေကျုးလွန်ခဲ့ပြီး တရုတ်နိုင်ငံသားတဦးနဲ့မြန်မာနိုင်ငံသား စုစုပေါင်း ကိုးဦးကို သတ်ဖြတ်ခဲ့တယ်လို့ MNDAA ထုတ်ပြန်ချက်မှာ ဖော်ပြ ထားပါတယ်။

လုယက်သူတွေဟာ စုစုပေါင်းအမှု(၂၅)မှုကနေ တရုတ်ငွေ ယွမ်ငါးသန်းနီးပါး၊မြန်မာငွေ ၇ ဘီလီယံကျော်၊ တန်ဖိုး ကြီး အိမ်စီးကား ကိုးစီး၊လက်စွပ်နှစ်ကွင်းတို့ကို လုယက်၊ဓားပြတိုက်ခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီအမှုတွေကိုကျူးလွန်ရာမှာပါဝင်သူတွေကို အခုနှစ် ဖေဖော်ဝါရီ နောက်ဆုံးပတ်က နေ မတ်လလယ်အထိ ကာလအတွင်း လိုက်လံဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။ဖမ်းမိသူလေးဦးက အဲ့ဒီအမှုတွေကို အဓိကတရားခံအဖြစ် ပါဝင်ကျူးလွန်ခဲ့ကြောင်း ဝန်ခံခဲ့ပြီး ငွေကြေးပစ္စည်းတွေကိုလည်း သိမ်းဆည်းနိုင်ခဲ့တယ်လို့ MNDAA ထုတ်ပြန် ချက်မှာဖော်ပြထားပါတယ်။

ဖမ်းဆီးရမိထားသူလေးဦးအပေါ် MNDAA အုပ်ချုပ်ရေးအဖွဲ့ယာယီတရားရုံးက စီရင်ချက်ချတဲ့ အစည်းအဝေးကို မူပန်းခရိုင်တနေရာမှာ မေလ ၁ရက်က ပြုလုပ်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။အဲ့ဒီအစည်းအဝေးကို MNDAA တပ်ဖွဲ့တွေ၊မဟာမိတ်တပ်ဖွဲ့နဲ့ ဒေသခံအရပ်သားတွေအပါအဝင် စုစုပေါင်း လုနှစ်ရာကျော်တက်ရောက်ခဲ့တယ် လို့လည်း ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

၂၀၂၁ခုနှစ်မှာ စစ်အာဏာသိမ်းပြီးနောက် နိုင်ငံတဝန်းမှာ ရာဇဝတ်မှုတွေ မြင့်တက်လာပြီး ရှမ်းပြည်မြောက်ပိုင်း လားရှိုးနဲ့ မူဆယ်ဒေသတွေမှာလည်း အုပ်စုဖွဲ့ရာဇဝတ်မှုတွေ၊စနစ်တကျ ကျူးလွန်တဲ့ ရာဇဝတ်မှုတွေဟာ မထူး ဆန်းတော့တဲ့အထိ ဖြစ်နေတယ်လို့ MNDAA က ဆိုပါတယ်။

အခုလို ဖမ်းဆီး တရားစီရင်မှုတွေ လုပ်ပြီးနောက် ရာဇဝတ်မှုကျူးလွန်သူတွေ ထွက်ပြေးကြတဲ့ အခြေအနေရှိ ပေ မယ့် တရားခံပြေးတွေကိုဆက်လက်ဖမ်းဆီးပြီး မှုခင်းတွေကို နှိမ်နင်းသွားမယ်လို့လည်း ဖော်ပြထားပါတယ်။