စစ်ကောင်စီက ဖမ်းဆီးသွားပြီးနောက် အသတ်ခံရသူ တထောင့်နှစ်ရာဝန်းကျင်အထိရှိလာ

မေ၊ ၄

အာဏာသိမ်းပြီးချိန်ကစလို့ ပြီးခဲ့တဲ့ ဧပြီလကုန်အထိ နှစ်နှစ်ကျော်အတွင်း စစ်ကောင်စီကဖမ်းဆီးသွားပြီးနောက် သတ်ဖြတ်ခံရသူ (၁၁၆၃)ဦးအထိ ရှိနေတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့အချက်အလက်တွေအရသိရပါတယ်။

 “အကြမ်းဖက်စစ်အုပ်စုက သူတို့ကို တော်လှန်ပုန်ကန်တဲ့သူတွေကို မတရားဖမ်းဆီးပြီး စစ်ကြောရေးစခန်းတွေမှာ သတ်ဖြတ်တာတွေကျူးလွန်လျက်ရှိပါတယ်၊ဒီလုပ်ရပ်က မတရားသတ်ဖြတ်မှုဖြစ်ပါတယ်၊ကြီးလေးတဲ့ရာဇဝတ်မှု ကိုကျူးလွန်နေတာဖြစ်ပါတယ်။”လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP က တာဝန်ရှိ သူတဦးက DNAကိုပြောပါတယ်။

စစ်တပ်က အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလကနေ ၂၀၂၃ ခုနှစ်၊ ဧပြီလ ၃၀ ရက်အထိ စစ်ကောင်စီလက် ချက်နဲ့ သေဆုံးသူပေါင်း ၃၄၄၇ ဦးရှိပြီး အဲဒီထဲက ၃၄ ရာခိုင်နှုန်းဖြစ်တဲ့ လူဦးရေ ၁၁၆၃ဦးဟာစစ်ကြောရေး အပါ အဝင် ထိန်းသိမ်းရေးစခန်းတွေ၊ အကျဉ်းထောင်တွေမှာ ဖမ်းဆီးခံထားရစဉ်သေဆုံးတာဖြစ်ပါတယ်။

ဒါ့အပြင် သေဆုံးသူ ၃၄၄၇ ဦးထဲမှာ အမျိုးသမီး ၄၈ဝဦးနဲ့ ကလေးသူငယ် ၃၆၃ ဦးလည်းပါဝင်တယ်လို့ နိုင်ငံရေးအ ကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPPရဲ့ ထုတ်ပြန်ချက်မှာပါဝင်ပါတယ်။

စစ်ကောင်စီဟာ အာဏာ သိမ်းတဲ့ အချိန်ကစပြီး ငြိမ်းချမ်းစွာဆန္ဒပြတဲ့ အရပ်သားတွေကို အပြင်းအထန်ဖြိုခွဲခဲ့ သ လို ဖမ်းဆီးခံရပြီး စစ် ကြောရေးမှာ၂၄ နာရီအတွင်း သေဆုံးသူ၊ ထောင်အတွင်းမှာ ဆေးလုံလုံလောက် လောက် ကုသခွင့်မရလို့ သေဆုံးသူ၊ အလောင်းတောင်ပြန်မပေးတဲ့ဖြစ်စဉ်တွေလည်း အများအပြားရှိခဲ့ပါတယ်။

‘’ကျွန်တော်တို့ နေပြည်တော်က ပါတီဝင် ဦးတင့်(ဦးခင်မောင်တင့်)ဆို ရမည်းသင်းထောင်မှာ ဆေးလုံလုံလောက် လောက်ကုသခွင့်မရလို့ မတ်လဆန်းက ဆုံးသွားတာရှိတယ်’’ လို့လွတ်မြောက်နယ်မြေရောက် နေပြည်တော်က ဒီချုပ်ပါတီဝင်တဦးကပြောပါတယ်။

စစ်ကောင်စီတပ်တွေဖမ်းဆီးသွားပြီးနောက် ၂၄နာရီအတွင်း သေဆုံးသွားခဲ့တာကြောင့်မိသားစုကို အလောင်း လာထုတ်ဖို့ အ ကြောင်းကြားခံရသူတွေထဲမှာ NLD ပါတီရဲ့ရွှေပြည်သာမြို့နယ်၊ “စု” အသက်မွေးပညာသင် ကျောင်းတာဝန်ခံ ဦးဇော်မြတ်လင်းနဲ့ ပုလဲမြို့က ကဗျာဆရာ ခက်သီ စတာတွေအပြင် နောက်ထပ်လူသိများတဲ့ ဖြစ်ရပ်တွေအများအပြားရှိခဲ့ပါတယ်။

အဲ့ဒီလို သေဆုံးမှုတွေမှာ နှိပ်စက်ညှင်းပန်း ခံထားရတဲ့ လက္ခဏာတွေ တွေ့ရတယ်လို့ မိသားစုတွေနဲ့ နီးစပ်သူ တွေကပြောကြပေမယ့် စစ်ကောင်စီကတော့ ထွက်ပြေးလို့ ပစ်ခတ်ဖမ်းဆီးရင်းသေဆုံးတာ၊ကျန်းမာရေး မ ကောင်းလို့သေဆုံးတာ စတဲ့အကြောင်းပြချက်တွေပေးလေ့ရှိပါတယ်။

 ဒါ့အပြင် စစ်ကောင်စီဟာ သူတို့ ဖမ်းဆီးထားတုန်း သေဆုံးသွားတဲ့ သူတွေရဲ့ မိသားစုကို အသိပေး အကြောင်း တာရှိသလို တချို့ဖြစ်စဉ်တွေမှာတော့ ဖမ်းဆီးခံရစဉ်အချိန်အတွင်း သေဆုံးသွားပြီဆိုတဲ့အကြောင်း မိသားစုက မသိကြရတာတွေလည်း ရှိနေပါတယ်။

ကာလရှည်ကြာ စစ်ကြောင်းထိုးမှုတွေနဲ့ ရင်ဆိုင်နေရတဲ့ စစ်ကိုင်း၊ကရင်နီ၊ကရင် စတဲ့ လက်နက်ကိုင် ခုခံတော် လှန်မှုအားကောင်းတဲ့ ဒေသတွေမှာတော့ စစ်ကောင်စီစစ်ကြောင်းတွေက ဖမ်းသွားပြီးနောက် ပစ်ခတ်သတ်ဖြ တ်ခံရတာ၊ကိုယ်လက်အင်္ဂါဖြတ်တောက်သတ်ဖြတ်ခံရတာတွေမကြာမကြာ ဖြစ်နေပါတယ်။

မကြာသေးခင်က ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်က အရပ်သား ၂၁၂ ဦးကို စစ်ကောင်စီက ကချင်လွတ်လပ် ရေးတပ်မတော်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေနဲ့ ပတ်သတ်တယ်ဆိုပြီး သံသယနဲ့ ဖမ်းဆီးရာမှာ ရေမဆေး ကျောက်ရှာဖွေသူတဦးသေဆုံးခဲ့တာရှိပါတယ်။

 “ပြန်လွတ်လာတဲ့သူတွေရဲ့ ပြောပြချက်အရတော့ မဆွပ်ယန်အကျဉ်းထောင်ထဲမှာ တစ်ယောက်ချင်းစီကို လက် နောက်ပြန်ကြိုးတုပ်ပြီး KIA၊ PDF နဲ့ ဆက်နွယ်မှု ရှိ၊ မရှိ၊ ထောက်ပံ့မှု ရှိ၊ မရှိ ရိုက်နှက်စစ်ဆေးတယ်။ ၂၁ ယောက် မြောက်မှာ ထွယ်အောင် အလှည့်ရောက်တယ်၊ သူ့ကိုမေးနေတုန်း ရိုက်ရင်း၊ စစ်ဆေးရင်း စစ်ကြောရေးမှာပဲ ပွဲချင်း ပြီး ဆုံးသွားတယ်”လို့ အမည်မဖော်လိုတဲ့ ဖားကန့်ဒေသခံတဦးက ပြောတယ်လို့ RFA Burmese က ဖော်ပြ ထား ပါတယ်။

ဒါပေမယ့်စစ်ကောင်စီဟာ မိသားစုကိုအကြောင်းကြားမရှိတဲ့အတွက် နီးစပ်ရာအသိုင်းအဝိုင်းကတဆင့် သာသိခဲ့ရ သလို အလောင်းလည်းပြန်မရခဲ့ဘူးလို့လည်း ဖားကန့်ဒေသခံတွေက ပြောကြပါတယ်။ စစ်တပ်က မဲစာရင်း အ ကြောင်းပြပြီးအာဏာသိမ်းတဲ့အချိန်ကနေ၂၀၂၃ ခုနှစ်၊ မေလ ၃ ရက်အထိ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၁၈၅၀ ) ဦးရှိပြီး အဲ့ဒီအထဲက (၁၇၈၄၆ ) ဦးဟာ ဖမ်းဆီးထိန်းသိမ်းခံနေရဆဲဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီ စောင့် ရှောက်ရေးအသင်း AAPP ရဲ့အချက်အလက်တွေအရသိရပါတယ်။

လက်ရှိထိန်းသိမ်းခံနေရသူတွေထဲက (၅၈၁၈ ) ဦးဟာ ထောင်ဒဏ်တွေ ချမှတ်ခံထားရတယ်လို့ AAPP က ဖော်ပြ ထားပါတယ်။ အဲဒီကိန်းဂဏန်းတွေဟာ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP က ကောက်ယူအတည်ပြုထားနိုင်တဲ့ အချက်အလက်တွေဖြစ်ပြီး မြေပြင်မှာဖြစ်ပွါးတဲ့ အချက်အလက်နဲ့ ကိန်းဂဏန်း အရေဟာ ပို မိုများပြားနိုင်တယ်လို့လည်း ဆိုပါတယ်။

စစ်အာဏာသိမ်းကာလမှာ အခုလို အရပ်သားတွေအပေါ် ကျူးလွန်တဲ့ပြစ်မှုတွေအတွက် ကျူးလွန်တဲ့သူတွေ၊ အ မိန့်ပေးစေခိုင်းသူတွေအားလုံးဟာ ထိုက်တန်တဲ့အပြစ်ပေးအရေးယူခံရမှာဖြစ်ကြောင်း၊ ကျဆုံးသွားသူတွေက အမှန်တရားကိုမပြောနိုင်တော့ပေမယ့် အသက်ရှင်နေသူတွေက တရားမျှတမှုကိုရှာဖွေပေးရမယ်လို့လည်း AAPP တာဝန်ရှိသူက ပြောပါတယ်။

‘’ဒီလိုရက်စက်ကြမ်းကြုပ်မှုတွေနောက်ထပ်မဖြစ်စေဖို့အတွက် ကျူးလွန်သူတွေအပြစ်ပေးအရေးယူခံရခြင်းမှ ကင်း လွတ်ခွင့်ရနေတဲ့ ဓလေ့ကို နွေဦးတော်လှန်ရေးက အမြစ်ပြတ်တိုက်ထုတ်သွားမှာလို့ ယုံကြည်ပါတယ်”လို့ သူက ဆိုပါ တယ်။