မေ၊ ၄
နှစ်ဖက် ဆက်ဆံရေးက ညှိနှိုင်းလို့ မရအောင် ပျက်ပြားသွားတဲ့နောက် ပြင်သစ် ဘောလုံးကလပ် ပီအက်စ်ဂျီဟာ လီယွန်နယ် မက်ဆီကို စာချုပ်သစ် ကမ်းလှမ်းတော့မှာ မဟုတ်ဘူးလို့ သိရပါတယ်။
အသင်းနဲ့ နီးစပ်သူ တချို့က အာဂျင်တီးနား ဝါရင့် ကစားသမား မက်ဆီဟာ အခုဘောလုံးရာသီအကုန် သူ့ရဲ့ စာချုပ်သက်တမ်း စေ့တဲ့အခါ ပီအက်စ်ဂျီကနေ ထွက်ခွာတော့မယ်လို့ ပြောကြားခဲ့ပါတယ်။ အသင်းဖက်ကတော့ ဒီဆုံးဖြတ်ချက်ကို တရားဝင် မကြေညာသေးပါဘူး။
အစောပိုင်းမှာ ပီအက်စ်ဂျီက မက်ဆီကို ဆက်လက် ထိန်းသိမ်းထားဖို့ အင်တိုက်အားတိုက် ကြိုးပမ်းခဲ့ပြီး စာချုပ်သစ် ကမ်းလှမ်းခဲ့ပေမယ့် ကစားသမားက အင်တင်တင် ဖြစ်နေတယ်လို့ သတင်းတွေက ဖော်ပြပါတယ်။ မက်ဆီဟာ ၂၀၂၁ ခုနှစ်မှာ ပီအက်စ်ဂျီနဲ့ ၂ နှစ်သက်တမ်း စာချုပ်ကို လက်မှတ် ရေးထိုးထားခဲ့တာပါ။
မက်ဆီရဲ့ ဖခင်ဖြစ်သူ ဂျော့ဂျ်မက်ဆီက သူ့သားဟာ ရာသီကုန်မှာ ပါရီအခြေစိုက် ဘောလုံးကလပ်က ထွက်ခွာဖို့ ဆုံးဖြတ်ထားပြီးပြီ ဆိုတာကို ပီအက်စ်ဂျီ တာဝန်ရှိသူတွေဆီ ကြိုတင် အသိပေးထားပြီးပြီလို့ ယုံကြည်ရပါတယ်။
လောလောဆယ်မှာတော့ အသက် ၃၅ နှစ်အရွယ် ကစားသမားဟာ ပီအက်စ်ဂျီရဲ့ နှစ်ပတ် ပွဲပယ် ပြစ်ဒဏ်နဲ့ နှစ်ပတ်စာ လုပ်ခ ဒဏ်ကြေး တပ်ရိုက်မှုကို ခံထားရပါတယ်။ အကြောင်းကတော့ အခုသီတင်းပတ် အစောပိုင်းမှာ မက်ဆီဟာ အသင်းရဲ့ ခွင့်ပြုချက် မရဘဲ ဆော်ဒီအာရေးဘီးယားကို သွားရောက် လည်ပတ်ခဲ့တာကြောင့် ဖြစ်ပါတယ်။
မက်ဆီရဲ့ အနာဂတ်ကို တိတိကျကျ မပြောနိုင်သေးပေမယ့် သူ့ရဲ့ အသင်းဟောင်း ဘာစီလိုနာက ကစားသမားကို ပြန်လည် ခေါ်ယူနိုင်ဖို့ အစွမ်းကုန် ကြိုးစားနေတယ်လို့ ဝန်ခံထားပါတယ်။ နောက်ပြီး ငွေကြေး ကြွယ်ဝတဲ့ အရှေ့အလယ်ပိုင်း ကလပ်အသင်း တချို့ကလည်း မက်ဆီကို စိတ်ဝင်စားနေကြပါတယ်။
မက်ဆီဟာ ထရိုင်ယော့စ်၊ အဂျာစီယိုတို့နဲ့ ယှဉ်ပြိုင်ကစားမယ့် ပီအက်စ်ဂျီရဲ့ ပွဲစဉ်တွေကို လွဲချော်မှာပါ။ ပီအက်စ်ဂျီဟာ ပြင်သစ် လီဂူးဝမ်း အမှတ်ပေးပြိုင်ပွဲ ပြီးခါနီး ၅ ပွဲအလိုမှာ ၅ မှတ်အသာနဲ့ ဦးဆောင်နေပြီး ဘောလုံးရာသီ ၁၁ ခုအတွင်း ၉ ကြိမ်မြောက် ချန်ပီယံဆုကို ဆွတ်ခူးဖို့ အလားအလာ ကောင်းနေပါတယ်။