လွတ်လပ်တဲ့မီဒီယာတွေကိုကိုယ်စားပြုမယ့် ယန္တရားတခုဖွဲ့စည်းမယ်

မေ၊ ၃

အာဏာသိမ်းစစ်ကောင်စီရဲ့ ဖိနှိပ်မှုတွေကြားမှာ ဆက်လက်အလုပ်လုပ်ကိုင်နေရတဲ့ လွတ်လပ်တဲ့ မီဒီယာတွေကို ကိုယ်စားပြုနိုင်တဲ့ ယန္တရားတခုဖွဲ့စည်းဖို့ နယ်စပ်အနီးတနေရာမှာကျင်းပတဲ့ အဌမအကြိမ်တိုင်းရင်းမီဒီယာညီလာခံကဆုံးဖြတ်လိုက်ပါတယ်။

“စစ်တပ်က အာဏာသိမ်းပြီးတော့ လွတ်လပ်တဲ့ မြန် မာမီဒီယာတွေ အားလုံးဟာ လွတ်လပ်စွာ အလုပ် လုပ်ခွင့် မရှိတော့ဘူး၊ ကိုယ့်ရဲ့  အဆင်ပြေတဲ့ နေရာကနေ သတင်းထုတ်လုပ်မှုကို ဆက်လုပ်ဆောင်နေကြတယ် ဆိုပေမယ့် အားလုံးစုပေါင်းတဲ့ ကိုယ်စားပြုမှုပေါ့နော်၊ အဲဒါကို ဦးတည်ပြီးတော့ ရှေ့ဆက်လုပ်ဆောင်ကြတဲ့အခါမှာ လွတ်လပ်တဲ့ မြန်မာသတင်းမီဒီယာတွေကိုယ်စားပြုတဲ့ အစုအဖွဲ့တစ်ခု ဖြစ်တည်လာဖို့ ရည်ရွယ်ပြီး ဖွဲ့စည်းတာပါ”လို့ ညီလာခံနဲ့ပတ်သက်လို့ ပြောရေးဆိုခွင့်ရှိသူ နန်းဖောဂေက ပြောပါတယ်။ 

ပြီးခဲ့တဲ့ အစိုးရလက်ထက်တွေအတွင်း သတင်းမီဒီယာဥပဒေကို ရေးဆွဲ ပြဌာန်းကာ အဲ့ဒီဥပဒေအရ သတင်းမီဒီယာကောင်စီကိုဖွဲ့စည်းခဲ့သလို ပြည်တွင်းအခြေစိုက် သီးခြားမီဒီယာအဖွဲ့အစည်းတွေလည်းဖွဲ့စည်းရပ်တည်ခဲ့ကြတာပါ။

ဒါပေမယ့်အာဏာသိမ်းပြီးနောက် သတင်းဌာနတွေပိတ်သိမ်းခံရတာ၊သတင်းသမားတွေဖမ်းဆီးခံရတာတွေရှိသလို မီဒီယာအဖွဲ့အစည်းတွေလည်း လွတ် လွတ်လပ်လပ်ရပ်တည်လှုပ်ရှားနိုင်တဲ့အခြေအနေမရှိတော့ပါဘူး။

ဒါ့ပြင် သတင်းမီဒီယာကောင်စီကိုလည်း စစ်ကောင် စီနဲ့ နီးစပ်သူတွေနဲ့ ပြန်လည်ဖွဲ့စည်းလိုက်ပြီး စစ်ကောင်စီရဲ့ ဝါဒဖြန့်ယန္တရားတခုဖြစ်လာတာကြောင့်သတင်းသမားတွေကအသိအမှတ်မပြုကြပါဘူး။

အခုကျင်းပခဲ့တဲ့ တိုင်းရင်း မီဒီယာညီလာခံမှာလည်း စစ်ကောင်စီရဲ့ သတင်းမီဒီယာကောင်စီကို သတင်းသမားတွေကို ကိုယ်စားပြုမှုမရှိတဲ့အဖွဲ့အစည်းအဖြစ်ရှုတ်ချခဲ့ကြတယ်လို့သိရပါတယ်။

“ဖက်ဒရယ် မြန်မာနိုင်ငံသို့ ရှေ့ရှုသော မီဒီယာ” ခေါင်းစဉ်နဲ့ပြီးခဲ့တဲ့ ဧပြီလ နောက်ဆုံးပတ်အတွင်း သုံးရက်တာ ကျင်းပခဲ့တဲ့  အဲဒီညီလာခံကို ပြည် တွင်းပြည်ပ အခြေစိုက် သတင်းမီဒီယာ ၄၀ က ကိုယ်စားလှယ်တွေ၊ မိတ်ဖက်အဖွဲ့အစည်းတွေ၊ မိတ်ဖက်သံတမန်တချို့နဲ့ အလှူရှင်တွေ စုစုပေါင်းလူဦးရေ ၁၃၀ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။ 

လွတ်လပ်တဲ့ သတင်းမီဒီယာတွေကို ထိန်းကျောင်းပေးမယ့် အမှီအခိုကင်းတဲ့ ကိုယ်တိုင်ထိန်းညှိမှု ယန္တရား (Independent Self- Regulatory Body) တခု ဖွဲ့စည်းဖို့ သဘောတူညီခဲ့ကြပြီး အဲဒီ ယန္တရား ပေါ်ပေါက်ဖို့ လုပ်ငန်းဖော်ဆောင်ရေးအဖွဲ့တခုကို အဖွဲ့ဝင် (၁၁)ဦးနဲ့ ဖွဲ့စည်းထားပြီဖြစ်တယ်လို့ သိရပါတယ်။ 

တိုင်းနဲ့ပြည်နယ်တွေကို အခြေခံတဲ့ လူထုဝန် ဆောင်မှု မီဒီယာတွေ ပေါ်ပေါက်လာဖို့နဲ့ အနာဂါတ်ဖက်ဒရယ်ပြည်ထောင်စုမှာ အသုံးပြုမယ့် တိုင်းရင်းသား မီဒီယာ မူဝါဒတွေကိုလည်း ညီလာခံမှာအတည်ပြုခဲ့တယ်လို့ သိရပါတယ်။

လက်ရှိမြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေကို ဒေသတွင်း နိုင်ငံအစိုးရတွေနဲ့ ပြည်သူတွေ သိရှိဖို့ နည်းလမ်းတွေကိုအဲ့ဒီညီလာခံမှာ ရှာဖွေခဲ့ကြသလို အာဏာသိမ်းမှုနောက်ပိုင်း လုံခြုံရေးနဲ့ အ ခက်အခဲပေါင်းစုံကြားက သတင်းထုတ်လုပ်နေတဲ့ မီဒီယာအားလုံးကို အသိအမှတ်ပြုကြောင်းဆုံးဖြတ်ခဲ့ကြတယ်လို့ဆိုပါတယ်။

ဒါ့အပြင် သတင်းမီဒီယာတွေအနေနဲ့ အွန်လိုင်းမီဒီယာမှာ ဝင်ငွေရှာဖွေနိုင်တဲ့ အခွင့်အလမ်းတွေနဲ့ အနာဂါတ်အလားအလာတွေကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။ 

အဌမအကြိမ် တိုင်းရင်းသား မီဒီယာ ညီလာခံကို Burma News International (နိုင်ငံတကာ မြန်မာသတင်း)အဖွဲ့က ကမကထပြု ကျင်းပခဲ့တာဖြစ်ပြီး အဲဒီအဖွဲ့ကို တိုင်းရင်းသားနဲ့ ဒေသဆိုင်ရာ မီဒီယာ ၁၅ ခုနဲ့ ဖွဲ့စည်းထားပါတယ်။ 

စစ်အာဏာသိမ်းပြီးနောက်  မြန်မာနိုင်ငံမှာ သတင်းမီဒီယာ ၁၃ ခု လိုင်စင်ပိတ်သိမ်းခံရသလို သတင်းသမား ၁၅၆ ဦးလည်း ဖမ်းဆီးခံခဲ့ရပါတယ်။ 

အခုချိန်ထိ နိုင်ငံတဝန်းက အကျဉ်းထောင်တွေထဲမှာ သတင်းသမား ၅၀ ဦးကို ပုဒ်မ ၅၀၅ အပါအဝင် အကြမ်းဖက်ပုဒ်မတွေနဲ့ ဖမ်းဆီး၊ တရားစွဲဆို ထောင်ချထားပြီး သတင်းသမား (၄)ဦးဟာ စစ်ကောင်စီရဲ့ ဖမ်းဆီးသတ်ဖြတ်မှုနဲ့ တိုက်ပွဲတွေကြား ကျဆုံးခဲ့ရပါတယ်။